DVB Logo
Home
မြန်မာသတင်း
တရုတ်စီမံကိန်းရှိရာ ကျောက်ဖြူတွင် တိုက်ပွဲစတင်၊ နောက်ဆက်တွဲ ဘာဖြစ်နိုင်လဲ
DVB
·
February 25, 2025
တရုတ်စီမံကိန်းရှိရာ ကျောက်ဖြူတွင် တိုက်ပွဲစတင်၊ နောက်ဆက်တွဲ ဘာဖြစ်နိုင်လဲ
Donate to DVB

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ထဲက ဓညဝတီ ရေတပ်စခန်းဌာနချုပ်ကို အာရက္ခတပ်တော် (AA) က ဖေဖော်ဝါရီ ၂၂ ရက်မှာ တိုက်ခိုက်ခဲ့ပြီး တရုတ်အကျိုးစီးပွားတွေရှိရာ မြို့နယ်အတွင်း စစ်ရေးလှုပ်ရှားမှုကို စတင်လိုက်ပါတယ်။

ကျောက်ဖြူမှာ တရုတ်နိုင်ငံအတွက် အရေးပါတဲ့ ရေနက်ဆိပ်ကမ်းစီမံကိန်း ရှိတာဖြစ်ပြီး ULA/AA အနေနဲ့ ဘာကြောင့် တိုက်ပွဲစတင်လိုက်တာလဲ၊ ဘာတွေဆက်ဖြစ်လာနိုင်ပါသလဲ စတဲ့မေးခွန်းတွေအပေါ် ရခိုင်နိုင်ငံရေးအသိုက်အဝန်းနဲ့ လေ့လာသူတွေက သုံးသပ်နေကြပါတယ်။

ULA/AA အနေနဲ့ ရခိုင်ပြည်နယ်ရဲ့ မြို့နယ်အားလုံးနီးပါးကို သိမ်းပိုက်ထားပေမဲ့ တရုတ်စီမံကိန်းတွေရှိရာ ကျောက်ဖြူ၊ ပြည်နယ်မြို့တော်ဖြစ်တဲ့ စစ်တွေတို့ကို ချန်ထားတာဖြစ်ပြီး ညီနောင်မဟာမိတ်အဖွဲ့တွေထဲက တဖွဲ့ဖြစ်တဲ့ TNLA နဲ့ စစ်ကောင်စီနဲ့ ကြားဆွေးနွေးပွဲ မအောင်မြင်တာ၊ ကချင်ပြည်နယ်အတွင်း တရုတ်အကျိုးစီးပွားတွေရှိတဲ့ ပန်ဝါကို KIA က သိမ်းပိုက်ထားနိုင်တာ စတဲ့သာဓကတွေကြောင့် AA ကလည်း အခုလိုမျိုး တိုက်ပွဲဖော်ဖို့ ဆုံးဖြတ်တာ ဖြစ်နိုင်တယ်လို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်က ဆိုပါတယ်။

“AA အနေနဲ့ကျတော့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ထဲမှာ ထဲထဲဝင်ဝင်ရှိတဲ့ အဖွဲ့အစည်းဆိုတော့ ဒီကောင်တွေနဲ့ ညှိနှိုင်းစရာအကြောင်း မရှိတော့ဘူး ဆိုရင်တော့ မောင်းထုတ်ရမှာပဲလေ။ တိုက်ထုတ်ရမှာပဲလေ။ အကုန်လုံးကို တိုက်ထုတ်လိုက်ပြီဆိုရင်တော့ တရုတ်ကလည်း သူတို့နဲ့ မပြောလို့ မရတော့ဘူးလေ။ အဲဒီအချိန်ကျရင် ဟိုဘက်ကိုလည်း သူ ဖိအားမပေးလို့ မရတော့ဘူးလေ။ AA အနေနဲ့ကလည်း ကိုယ်တပြားမှ မရဘဲနဲ့တော့၊ ပြီးတော့ ဘယ်ရခိုင်ပြည်သူကမှ လိုလားတာမဟုတ်တဲ့ ကိုယ်မရဘဲနဲ့ ကိုယ့်ထဲကနေပြီးတော့ သယံဇာတတွေကို ထုတ်ယူသုံးစွဲဖို့ ခွင့်ပြုမှာမဟုတ်ဘူး။ အဲဒီမှာ နည်းလမ်းတခုကတော့ KIO/KIA လုပ်တဲ့ လုပ်နည်းလုပ်ဟန်ကလည်း နမူနာရှိတယ်လေ။”

ဓညဝတီရေတပ်စခန်းဌာနချုပ်ကို ULA/AA က တိုက်ခိုက်ခဲ့ပြီးတဲ့နောက်မှာတော့ စစ်ကောင်စီဘက်ကလည်း လက်နက်ကြီး၊ လေကြောင်းနဲ့ ဒရုန်းတွေကိုသုံးပြီး ပြန်ပစ်ခတ်နေတာကြောင့် စစ်ရေးကတော့ ဆက်လက်တင်းမာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီရေတပ်စခန်းဟာ ကုန်းတဝက် ရေတဝက် ဖြစ်သလို အထိုင်နေရာ ၃ ခုလောက် ရှိနေတာကြောင့် တိုက်ရခက်ခဲမယ့်စခန်း ဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။ ဒါ့ကြောင့် ULA/AA အနေနဲ့တော့ အချိန်ယူ တိုက်ရလိမ့်မယ်လို့လည်း ဆိုပါတယ်။

ဓညဝတီ ရေတပ်စခန်းဌာနချုပ်ဟာ ကျောက်ဖြူလုံခြုံရေးအတွက် အရေးကြီးပြီး ဒါကို သိမ်းပိုက်နိုင်ပြီးရင်တော့ ကျောက်ဖြူမြို့ကိုလည်း ထိန်းချုပ်နိုင်သွားမှာဖြစ်သလို အဲဒီအချိန်ကျရင်တော့ တရုတ်အနေနဲ့လည်း ULA/AA နဲ့ မဖြစ်မနေ စကားပြောရမယ့် အခြေအနေကို ရောက်လာလိမ့်မယ်လို့လည်း ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။

“ဓညဝတီရေတပ်စခန်းကို သိမ်းပိုက်နိုင်တယ် ဆိုလို့ရှိရင်တော့ စစ်ကောင်စီရဲ့ ရေတပ်ကို ဦးချိုးနိုင်တဲ့ အနေအထားကို ရောက်ရှိနိုင်တယ်။ နောက်တခုကတော့ ကျောက်ဖြူကိုလည်း ထိန်းချုပ်နိုင်တယ်လို့ ကျနော် ယူဆပါတယ်။ ကျောက်ဖြူက ဓညဝတီရေတပ်စခန်းကို သိမ်းပြီးရင်တော့ အလိုလျောက် ကိုယ့်လက်ထဲ ရောက်လာမှာပေါ့။ အဲဒီအခါကျတော့မှ တရုတ်အကျိုးစီးပွားတွေနဲ့ ပတ်သက်ပြီး စကားပြောဖို့ AA က ရည်ရွယ်တယ်နဲ့တူပါတယ်။”

တဖက်မှာတော့ အခုလိုမျိုး တရုတ်အကျိုးစီးပွားတွေရှိရာ မြို့နယ်အတွင်း တိုက်ပွဲဖော်တာနဲ့ ပတ်သက်လို့ တရုတ်သဘောထားကရော ဘယ်လိုရှိနိုင်လဲဆိုတဲ့ မေးခွန်းတွေလည်း ရှိပါတယ်။

တရုတ်အရေးကျွမ်းကျင်သူတယောက်ကတော့ ULA/AA အနေနဲ့ ကျောက်ဖြူမှာ တိုက်ပွဲဖော်ဆောင်တာနဲ့ ပတ်သက်လို့ တရုတ်နဲ့အကြား ဆက်သွယ်မှုတခု ရှိလိမ့်မယ်လို့ သုံးသပ်ပါတယ်။

ULA/AA ရဲ့ ဆောင်ရွက်ချက်တွေကိုကြည့်ရင် သေချာစနစ်တကျ ဆောင်ရွက်တတ်တာကြောင့် တရုတ်နဲ့ပတ်သက်ပြီး ဖြစ်လာနိုင်တဲ့ ပဋိပက္ခတွေကိုလည်း ကြိုပြီး ရှောင်ရှား ဆောင်ရွက်ထားလိမ့်မယ်လို့လည်း ဆိုပါတယ်။

“AA ကတော့ ကျနော်မြင်သလောက်ဆိုရင်တော့ သူတို့ အမြဲတမ်း သတိထားတယ်ဗျ။ သူတို့ရဲ့ လှုပ်ရှားမှုတွေကို။ ဆိုတော့ သူတို့အတွက် အကျိုးမရှိမယ့်ဟာကို သူတို့ လုပ်မှာမဟုတ်ဘူး။ ကျနော်မြင်တာကတော့ ကြိုပြီးတော့ သူတို့ အဆက်အသွယ်ရှိလိမ့်မယ် တရုတ်ဘက်နဲ့လေ။ တနည်းနည်းနဲ့ပေါ့။ ဆိုတော့ AA က ရှောင်နိုင်မယ်လို့ ကျနော်မြင်တယ်လေ။ ပဋိပက္ခဖြစ်လာမှာကို။ တရုတ်နဲ့ပတ်သက်ပြီး ဖြစ်လာနိုင်တဲ့ ပဋိပက္ခတွေကို အဲဒါတွေကို ရှောင်မှာပဲ။ ရှောင်ပြီးတော့ လုပ်စရာရှိတာကို ဆက်လုပ်မှာပဲ။ ရခိုင်က သိမ်းမယ်ဆိုတာ ပြောထားပြီးသား ဟိုတုန်းကတည်းက။ အနှေးနဲ့ အမြန် သိမ်းမှာပဲ တခုပြီးတခု။ AA ကတော့ သူစီစဉ်ထားတဲ့အတိုင်း သူလုပ်တာပဲ။ တရုတ်နဲ့ ပြဿနာမဖြစ်အောင်တော့ တတ်နိုင်သရွေ့ လိုအပ်တဲ့ ဆောင်ရွက်ချက်တွေကို လုပ်မယ်လို့တော့ ကျနော်ယုံကြည်တယ်။”

ဒါ့အပြင် ရခိုင်ပြည်နယ်ရဲ့ မြို့တော် စစ်တွေမှာလည်း ULA/AA ဘက်က တိုက်ပွဲတွေ စတင်ဖော်ဆောင်နေတာပါ။

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ ULA/AA ဘက်ကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမဲ့ ဆက်သွယ်လို့တော့ မရသေးပါဘူး။

တရုတ်ရင်းနှီးမြှုပ်နှံထားတဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်းဟာ မဒေးကျွန်းနဲ့ ကုဋေချီကျွန်းတို့မှာ တည်ရှိတာဖြစ်ပြီး အကြီးစား ကုန်တင်သင်္ဘောကြီးတွေ ဝင်ထွက် သွားလာနိုင်တဲ့ ကုန်စည်တင်ပို့ရာ ရေနက်ဆိပ်ကမ်း အမျိုးအစား ဖြစ်ပါတယ်။ ရေနက်ဆိပ်ကမ်း အထောက်အကူပြု ဆိပ်ခံတံတားတွေကိုလည်း ကျောက်ဖြူမြို့မှာ တည်ဆောက်နေတာ ဖြစ်ပါတယ်။

ထက်အောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013