Home
မြန်မာသတင်း
အင်တာနက် ဖြတ်တောက်မှု အဆိုးဝါးဆုံးနိုင်ငံအဖြစ် မြန်မာ ထိပ်ဆုံးမှရပ်တည်
DVB
·
February 25, 2025

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံဟာ ကမ္ဘာ့နိုင်ငံတွေထဲ အကြိမ်ရေ အများဆုံး အင်တာနက် ဖြတ်တောက်ပိတ်ဆို့ခံရတဲ့ အဆိုးဝါးဆုံးနိုင်ငံဖြစ်တယ်လို့ ဒီဂျစ်တယ်အခွင့်အရေး လှုပ်ရှားရေးအဖွဲ့တဖွဲ့ဖြစ်တဲ့ Access Now က ထုတ်ပြန်တဲ့ အစီရင်ခံစာသစ်မှာ ဖော်ပြပါတယ်။

တနှစ်တာအတွင်း မြန်မာနိုင်ငံမှာ အင်တာနက်ပိတ်ဆို့မှု ၈၅ ကြိမ် ရှိခဲ့ပြီး အာဏာသိမ်း စစ်ကောင်စီက ပိတ်ပင်ကန့်သတ်မှု‌ အများဆုံးကို ကျူးလွန်တဲ့အကြောင်းလည်း အစီရင်ခံစာမှာ ဖော်ပြထားပြီး သူ့နောက်မှာတော့ အိန္ဒိယနိုင်ငံမှာ အင်တာနက်ပိတ်ဆို့မှု ၈၄ ကြိမ်၊ ပါကစ္စတန်နိုင်ငံမှာ  ၂၁ ကြိမ် ရှိခဲ့တယ်လို့ ဆိုပါတယ်။

စစ်အာဏာသိမ်းမှုနဲ့ ဖိနှိပ်မှုတွေ ခံနေရတဲ့ မြန်မာနိုင်ငံကတော့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်တုန်းကလည်း အင်တာနက်ဖြတ်တောက်မှု အဆိုးဝါးဆုံး ကမ္ဘာ့နိုင်ငံတွေစာရင်းမှာ  ပါဝင်ခဲ့ပြီး Access Now အဖွဲ့နဲ့ #KeepItOn ကမ်ပိန်းအဖြစ် “ကျုံ့ဝင်လာနေသည့် ဒီမိုကရေစီ၊ ကြီးထွားလာနေသည့် အကြမ်းဖက်မှု–၂၀၂၃ ခုနှစ်အတွင်း အင်တာနက် ဖြတ်တောက်ခံရမှုများ” အမည်နဲ့ အစီရင်ခံစာထဲမှာ   ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

အာရှပစိဖိတ်ဒေသ  ၁၁ နိုင်ငံမှာ အင်တာနက် ဖြတ်တောက်မှုပေါင်း ၂၀၂ ကြိမ် ရှိခဲ့ပြီး မြန်မာနိုင်ငံကတော့ ၈၅ ကြိမ်နဲ့ အများဆုံး ကျူးလွန်ခဲ့တာဖြစ်တယ်လို့ Access Now ရဲ့ အာရှပစိဖိတ်မူဝါဒလေ့လာသုံးသပ်သူ မဝေဖြိုးမြင့်က ပြောပါတယ်။

“Verify လုပ်နိုင်တဲ့ ၈၅ ကြိမ်မှာကိုပဲ နိုင်ငံတွေ အင်တာနက်ပိတ်ဆို့ကြတဲ့ထဲမှာ မြန်မာပြည်က အများဆုံး အဆိုးဆုံးဖြစ်တယ်လို့ ပြောရမှာပေါ့။ လေကြောင်းတိုက်ခိုက်မှု လုပ်မယ့်အချိန်နဲ့ လုပ်တဲ့ အခြေအနေတွေမှာ မြေပြင်မှာ အင်တာနက်ပိတ်ထားတယ်ပေါ့နော်။ အင်တာနက်မှ မဟုတ်ဘူး ဖုန်းလိုင်းတွေလည်း ဖြတ်ထားတယ်ဆိုတဲ့ မြို့နယ်တွေ တော်တော်များများတွေ့ရတယ်။ အဲဒါတချက်ပေါ့၊ နောက် ရွာတွေကို ဝင်တဲ့အခါမှာ သူတို့ ဖုန်းလိုင်းတွေ အကုန်ဖြတ်တယ်။ ပြီးတော့ ။အိမ်တွေမီးရှို့တဲ့ကိစ္စ လူသတ်တဲ့ကိစ္စတွေ ဒါတွေလည်း အင်တာနက်ပိတ်ချိန်မှာ သူတို့ မြေပြင်မှာကျူးလွန်နေတဲ့ ဆိုးဝါးတဲ့ လူ့အခွင့်အရေး ကျုူးလွန်မှုတွေလို့ ပြောတာပေါ့။”

အင်တာနက်ပိတ်ဆို့ပြီး ဆိုးဝါးတဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေကျူးလွန်နေတဲ့ အဓိက တာဝန်ရှိသူက စစ်ကောင်စီဖြစ်ပြီး စစ်ကောင်စီလက်ဝေခံ ဆက်သွယ်ရေးကုမ္ပဏီတွေနဲ့ စစ်ကောင်စီကို ငွေကြေးနဲ့ ဒီဂျစ်တယ်ဆိုင်ရာ ကူညီထောက်ပံ့ပေးနေတဲ့ အဖွဲ့အစည်းတွေ ရင်းနှီးမြှပ်နှံသူတွေမှာလည်း တာဝန်ရှိသလို နောက်ဆက်တွဲ တာဝန်ယူမှုလည်းရှိဖို့ လိုအပ်ကြောင်း မဝေဖြိုးမြင့်က ပြောပါတယ်၊

ကရင်နီပြည်နယ်မှာဆို အာဏာသိမ်းပြီး တနှစ်လောက်အကြာမှာပဲ အင်တာနက်နဲ့ ဖုန်းလိုင်းတွေ ဖြတ်တောက်ခံထားရတာကြောင့် အခုဆို အင်တာနက်ဖြတ်တောက်ခံထားရတာ ၃ နှစ်ကျော်ရှိ လာပြီ ဖြစ်ပါတယ်။

ကရင်နီမှ ရဲမေတယောက်က “လွိုင်ကော်ပွဲ မဖြစ်ခင်က ဒီဘက်မှာ လိုင်းမိတဲ့တောင်တွေက များတယ်။ အဲဒီတုန်းက လိုင်းမိတဲ့တောင်ပေါ်သွားပြီး လိုင်းသုံးတာတွေ ဖုန်းပြောတာတွေ လုပ်လို့ရတယ်ပေါ့။ ဒါပေမဲ့ လွိုင်ကော်ပွဲ ဖြစ်ပြီးနောက်ပိုင်းမှာကျ ဖုန်းလိုင်းမိတဲ့နေရာက မရှိသလောက်နည်းလာတော့ ပိုပြီး ခက်ခဲလာတာပေါ့။ အဲဒီတော့ စတားလင့်တွေတော့ ပေါ်လာတယ်၊ ပေါ်လာတာ အွန်လိုင်းသုံးရတာ အဆင်ပြေပေမဲ့ ဖုန်းဆက်ရတဲ့အပိုင်းမှာ အခက်အခဲရှိတာပေါ့။ K-Pay လော့ကျတာတို့ လော့ထွက်သွားတာတို့ဆိုရင် အဆင်မပြေဘူးပေါ့နော်။ အဲဒီတော့ လိုင်းမိတဲ့နေရာနားထိ သွားရတယ်။ တခါတလေ လိုင်းမိတဲ့ ဖယ်ခုံအရှေ့ဘက်ခြမ်းကို တညအိပ်သွားရတဲ့ ခရီးတွေလည်း ရှိတယ်” လို့ ပြောပါတယ်။

ဒီကမ်ပိန်းကတော့ အင်တာနက်ဖြတ်တောက်မှုတွေကို အဆုံးသတ်ဖို့ ကမ္ဘာတဝန်းက တက်ကြွလှုပ်ရှားသူတွေ၊ အဖွဲ့အစည်းတွေရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို စုစည်းကူညီဖို့ Access Now က ၂၀၁၆ ခုနှစ်ကတည်းက စတင်ခဲ့တဲ့ ကမ်ပိန်းတခု ဖြစ်ပါတယ်။

၂၀၂၄ ခုနှစ် တနှစ်တာအတွင်းမှာတော့ ကမ္ဘာ့နိုင်ငံပေါင်း ၅၄ နိုင်ငံက အင်တာနက် ဖြတ်တောက်မှု ၂၉၆ ခုကို မှတ်တမ်းတင်နိုင်ခဲ့ကာ ဒါက ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်က နိုင်ငံ ပေါင်း ၃၉ နိုင်ငံမှာ သက်ဆိုင်ရာ အာဏာပိုင်တွေက အနည်းဆုံး ၂၈၃ ကြိမ် အင်တာ နက်ကို ရည်ရွယ်ချက်ရှိရှိ စံချိန်တင်ဖြတ်တောက်ခဲ့တာထက် ကျော်လွန်လာခဲ့တာဖြစ် တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြန်မာ၊ အိန္ဒိယ၊ ပါကစ္စတန်နဲ့ ရုရှားနိုင်ငံတွေဟာ တနှစ်တာအတွင်း အင်တာနက် ဖြတ်တောက်ပိတ်ဆို့အရေးယူမှု အများဆုံး ကျူးလွန်တဲ့ ၄ နိုင်ငံအနေနဲ့ ရပ်တည်နေကာ ဖြတ်တောက်မှုပေါင်း ၂၀၉ ခုဟာ ကမ္ဘာလုံးဆိုင်ရာ စုစုပေါင်းဖြတ်တောက်မှုရဲ့ ၇၁ ရာခိုင်နှုန်း ရှိနေတယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

အခုနှစ်ရဲ့ စံချိန်တင် အင်တာနက် ဖြတ်တောက်ပိတ်ဆို့မှုတွေရဲ့ နောက်ကွယ်မှာ အကြမ်းဖက်မှုတွေ၊ စစ်ရာဇဝတ်မှုတွေ၊ ဒီမိုကရေစီယန္တရားအပေါ် တိုက်ခိုက်တာတွေနဲ့ တခြားသော ရက်စက်ကြမ်းကြုတ်မှုတွေကို ဖြစ်ပွားစေကာ ကမ္ဘာတဝန်းက လူသန်းပေါင်းများစွာရဲ့ လူ့အခွင့်အရေးနဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်မှုဖြစ်ကြောင်း နောက်ထပ် သက်သေပြချက်တရပ်ကို ပံ့ပိုးပေးနေတယ်လို့လည်း ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024