
ယူကရိန်း-ရုရှား အပစ်အခတ်ရပ်စဲရေးဟာ လာမယ့်သီတင်းပတ်တွေမှာ ဖြစ်လာနိုင်တယ်လို့ ပြင်သစ်သမ္မတ အီမန်နျူယယ် မက်ခွန်းက ဖေဖော်ဝါရီလ ၂၄ ရက်မှာ ပြောကြားလိုက်ပါတယ်။
ဖေဖော်ဝါရီ ၂၆ ရက်က အိမ်ဖြူတော်မှာ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ပ်နဲ့ တွေ့ဆုံအပြီး Fox News သတင်းဌာနနဲ့ အင်တာဗျူးတခုမှာ မက်ခွန်းဟာ လုံခြုံရေးကတိကဝတ်တွေ၊ ပိုင်နက်အရေး ထည့်သွင်း စဉ်းစားမှုတွေနဲ့ ယူကရိန်းစီးပွားရေး ပြန်လည်တည်ဆောက်ရေးတို့ အပါအဝင် အဓိကကိစ္စရပ်တွေအတွက် ဆက်လက် ညှိနှိုင်းဆွေးနွေးမှုတွေကို မီးမောင်းထိုးပြခဲ့ပါတယ်။
မက်ခွန်းက “ကျနော်တို့က ငြိမ်းချမ်းရေးကို လိုချင်တယ်။ ပြီးတော့ သမ္မတ ထရမ့်ပ်ရဲ့ အစပြုမှုက အရမ်းအပြုသဘောဆောင်တယ်လို့ ထင်ပါကြောင်း” ပြောပါတယ်။
လုံခြုံရေး အာမခံချက်တွေ၊ မြေနေရာနဲ့ ပိုင်နက်နယ်မြေတွေကိစ္စကို ညှိနှိုင်းကြပြီး၊ ပြန်လည်တည်ဆောက်ရေးမှာတော့ ယူကရိန်းသမ္မတ ဇလန်စကီးမှာ တာဝန်ရှိလိမ့်မယ်လို့ ဆိုပါတယ်။
ဥရောပနဲ့ ပြင်သစ်ရဲ့ လုံခြုံရေးအတွက်လည်း သတိထားရမှာ ဖြစ်ပြီးတော့ ဒုတိယအနေနဲ့ လုံခြုံရေးအာမခံချက်တွေကို ထိန်းသိမ်းထားနိုင်ဖို့ အနာဂတ်မှာ အတူတကွ ပူးပေါင်းဆောင်ရွက်ကြရမယ်လို့လည်း ဆိုပါတယ်။
ဒီငြိမ်းချမ်းရေးကို ရုရှားက လေးစားနေရအောင် သေချာလုပ်ဖို့လိုပါတယ်လို့ မက်ခွန်းက ပြောပါတယ်။
အရင်ဆုံး အပစ်အခတ်ရပ်စဲရေး လုပ်ရမယ်။ လာမယ့် ရက်သတ္တပတ်တွေ အတွင်းမှာ ပြီးနိုင်မယ်လို့ ထင်ကြောင်းလည်း ဆိုပါတယ်။
ပြင်သစ်နဲ့ ယူကေတို့ဟာ တည်ငြိမ်မှုကို ထိန်းသိမ်းရာမှာ အမေရိကန်ရဲ့ ကျောထောက်နောက်ခံနဲ့ တိုက်ခိုက်ရေးမဟုတ်တဲ့ အခန်းကဏ္ဍတွေမှာ တပ်တွေချထားရေး ပူးတွဲအဆိုပြုချက်ကို လုပ်ဆောင်နေကြောင်းလည်း မက်ခွန်းက ထုတ်ဖော် ပြောကြားခဲ့ပါတယ်။
ကုန်သွယ်ရေးမှာတော့ မက်ခွန်းဟာ အခွန်တိုးမြှင့်မှုကို ကန့်ကွက်ခဲ့ပြီး တရုတ်နဲ့ ဥရောပ တို့ဟာ တချိန်တည်း တပြိုင်တည်း ကုန်သွယ်ရေးအငြင်းပွားမှုတွေမှာ ပါဝင်နေခြင်းထက် ကာကွယ်ရေးနဲ့ လုံခြုံရေးကို အားကောင်းစေဖို့က ဦးစားပေးဖြစ်ကြောင်း ငြင်းခုံခဲ့ကြပါတယ်။
Source-Reuters











