DVB Logo
Home
Lead Story
သမ္မတက တွေ့ဆုံဖို့ ကမ်းလှမ်းတဲ့အပေါ် အမြင်များ
DVB
·
October 29, 2014
သမ္မတက တွေ့ဆုံဖို့ ကမ်းလှမ်းတဲ့အပေါ် အမြင်များ
1 / 10
Donate to DVB

မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေးဖြစ်စဉ် ညင်သာခိုင်မာစွာ ကူးပြောင်းနိုင်ဖို့အတွက် အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးပါတီကိုယ်စားလှယ်တို့ ပထမဆုံးအကြိမ် တွေ့ဆုံ ဆွေးနွေးကြဖို့ သမ္မတက ဖိတ်ကြားလိုက်ပါတယ်။
သမ္မတရဲ့ အခုလို ဖိတ်ကြားလိုက်တဲ့အပေါ် ၀ါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်း၊ ဆရာကျော်ရင်မြင့်၊ နိုင်ငံရေးပါတီနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းအပါအ၀င် အဖွဲ့အစည်းအသီးသီးက ခေါင်းဆောင်တွေရဲ့ အမြင်တွေကို မေးမြန်းထားပါတယ်။

သခင်ချန်ထွန်း (၀ါရင့်နိုင်ငံရေးသမားကြီး)

[caption id="attachment_69249" align="alignright" width="200"]သခင်ချန်ထွန်း သခင်ချန်ထွန်း[/caption]

“အမှန်ကတော့ တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ကြားတာကိုပဲ အင်မတန် ၀မ်းမြောက်စရာ၊ ဂုဏ်ပြုစရာကောင်းပါတယ်။ ဘဘတို့က ဒါ ကြိုဆိုပါတယ်။ သမ္မတကြီးရဲ့ ဆောင်ရွက်ချက်ကိုး။ ဒါကတော့ တွေ့ဆုံတဲ့အခါမှာတော့ နိုင်ငံရေးပါတီတွေ၊ ဒေါ်အောင်ဆန်းစုကြည်တို့၊ နိုင်ငံရေးပါတီတွေနဲ့ တခြား တစည (တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ) ရော၊ နိုင်ငံရေးပါတီတွေက ခေါင်းဆောင်တွေကို အကုန်ဖိတ်ပြီးတော့ ဆွေးနွေးမယ်ဆိုတာလည်း အင်မတန် မင်္ဂလာရှိတဲ့သတင်းဖြစ်ပါတယ်။ အဲတော့ အမှန်ကတော့ ဒါဟာ တိုင်းပြည်အတွက် တွေ့ဆုံဆွေးနွေးတာဟာ တိုင်းပြည်အတွက် အကျိုးရှိမယ့် ရလဒ်တွေ ပေါ်ထွက်လာနိုင်တယ်လို့ ကျနော် ယုံကြည်ပါတယ်။ အဲဒါကြောင့်မို့ ကြိုဆိုပါတယ်။ ဖြေရှင်းသင့်တာကတော့ အမှန်ကတော့ အခုဟာက တိတိကျကျ ပြောဖို့ခက်တယ်လေ။ အမှန်ကတော့ စစ်တပ်က ချုပ်ကိုင်တာတို့၊ စစ်တပ်က လွှမ်းမိုးတာတို့ အဲဒါတွေမရှိအောင် ဘဘတို့က ပြောချင်တာလေ။ ကျန်တာကတော့ နိုင်ငံရေးပါတီတွေ ကိုယ့်ပါတီရဲ့ဝါဒကို တိုင်းသူပြည်သားတွေအပေါ်မှာ လွတ်လွပ်လပ်လပ်နဲ့ ကြွေးကြော် ဟောပြောပြီးတော့ စည်းရုံးနိုင်ခွင့်ရှိဖို့လိုတယ်။ အဲဒီလို ဆိုလို့ရှိရင် တိုင်းပြည်ဟာ ဒီမိုကရေစီနိုင်ငံအနေနဲ့ သုံးသပ်လို့ ပြောဆိုလို့ရလာမှာဖြစ်ပါတယ်။
“အမှန်တော့ တွေ့ဆုံဆွေးနွေးပြီးတော့လေ တပ်မတော်က တပ်မတော်အနေနဲ့ တပ်မတော်တခု လိုက်နာဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေကိုပဲ သူက လုပ်သွားဖို့၊ တိုင်းပြည်မှာ ၀င်ရောက်ပြီးတော့ အုပ်ချုပ်ရေးမှာ ၀င်ရောက်ပြီးတော့ စွက်ဖက်တာတို့ ဘာတို့ဟာ မပြုလုပ်ဖို့၊ ဒါ အရေးအကြီးဆုံးပဲ။ ဒါနဲ့ပတ်သက်ပြီး ဒီမိုကရေစီကျကျ နိုင်ငံဖြစ်အောင် အားလုံးဝိုင်းဝန်းဆွေးနွေး ပြီးတော့ ဆောင်ရွက်ကြဖို့ ဒီလိုပဲ ဘဘ တိုက်တွန်းချင်ပါတယ်။
“သမ္မတ ဦးသိန်းစိန်အနေနဲ့ကလည်း သူက နိုင်ငံတကာကို လှည့်လည်နေရတဲ့ အခါကျတော့ အတွေ့အကြုံအရ၊ ဒီမိုကရေစီနည်းကျကျ ဗမာနိုင်ငံကို ဒီမိုကရေစီနည်းကျကျ အုပ်ချုပ်သင့်တယ်၊ ရွေးကောက်ပွဲအဆင့်ဆင့်နဲ့ အုပ်ချုပ်သင့်တယ်ဆိုတဲ့ အမြင် အယူအဆမျိုး လက်ခံယုံကြည်လာတယ်လို့ ယုံကြည်ပါတယ်။

“ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ အမှန်ကတော့ ဒါ တိုင်းပြည်ကို လက်ရှိ ကာယကံမြောက်အုပ်ချုပ် နေတဲ့ တပ်မတော် ခေါင်းဆောင်တွေပေါ့လေ။ အကုန် ဒီထဲမှာ ပါဝင်ဆွေးနွေးပြီးတော့ ဒီမိုကရေစီနည်းကျကျ နိုင်ငံတော် တည်ဆောက်ဖို့ရာကို ကြိုးစားတာကတော့ ဒါ အင်မတန် မွန်မြတ်ကောင်းမွန်တဲ့ လုပ်ရပ်လို့၊ ဒါပါပဲ ဘဘတို့ကတော့။ အောင်မြင်ပါစေလို့ပဲ ဆုတောင်းပါတယ်။ အမှန်ကတော့ ဒီပုဂ္ဂိုလ်တွေက ဒီနိုင်ငံရေးပါတီပုဂ္ဂိုလ်တွေအနေနဲ့လည်း သေ သေချာချာ အမြင်ကျယ်ကျယ်နဲ့ ပါဝင်ဆွေးနွေးကြဖို့ လိုအပ်ပါတယ်။”

ဦးခင်မောင်ဆွေ (ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် ကိုယ်စားလှယ်)

[caption id="attachment_69202" align="alignleft" width="194"]ဦးခင်မောင်ဆွေ ဦးခင်မောင်ဆွေ[/caption]

“နိုင်ငံရေး ထိပ်သီးဆွေးနွေးပွဲဆိုပြီး ခေါင်းစဉ်တပ်တာဗျ။ ကျနော်ကတော့ ငြိမ်းချမ်းရေးပဲ အဓိကထား ပြောမှာပါ။ မြန်မာနိုင်ငံမှာ ဘယ်အစိုးရပဲတက်တက် ငြိမ်းချမ်းရေး မရဘူးဆိုရင် မည်ကာမတ အစိုးရတွေက တိုင်းပြည်အုပ်ချုပ် မင်းလုပ်သွားကြတာပဲ ဖြစ်မယ်လေ။ ငြိမ်းချမ်းရေး မရှိရင် အမျိုးသားစည်းလုံးညီညွတ်ရေး မရှိပါဘူး။ ငြိမ်းချမ်းရေး မရရင် ဒီမိုကရေစီ မရနိုင်ပါဘူး။ ဒီမိုကရေစီ မရှိရင်လဲ ငြိမ်းချမ်းရေး ရဖို့ အကြောင်း မရှိပါဘူး။ ငြိမ်းချမ်းရေးကိုမှ ဦးတည်ပြီး မဆောင်ရွက်နိုင်လို့ရှိရင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ ကို ဖြတ်သန်းသလိုပဲ အစိုးရအဆက်ဆက် ပြည်သူလူထုကို တိုက်ပွဲတွေနဲ့ ပေးစားပြီးတော့ သွားကြဖို့ပဲ ရှိပါတယ်။ ဒါကြောင့် ငြိမ်းချမ်းရေးဟာ အဓိက ဖြစ်တယ်လို့ ပြောခြင်း ဖြစ်ပါတယ်။ ငြိမ်းချမ်းရေး ရပြီဆိုလို့ရှိရင် လူမှုစီးပွားရေးဘ၀တွေ ဖွံ့ဖြိုးအောင် လုပ်နိုင်မယ်။ ငြိမ်းချမ်းရေးမရရင် ဖြစ်လာမယ့် အကျိုးဆက်တွေက ဘာတွေဖြစ်လာမလဲဆိုတာ စဉ်းစားဖို့တောင် မရဲပါဘူး၊ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ကိုယ်စွမ်းနိုင်သလောက် ထောက်ပြပြောဆိုဖို့ တာဝန်ရှိတယ်လို့ ယူဆလို့ ပြောဆိုဆွေးနွေးမှာပါ။

[caption id="attachment_69203" align="alignright" width="274"]u-aung-myint ဦးအောင်မြင့် (၀ပြည်သွေစည်းညီညွတ်ရေးတပ်မတော် ပြောခွင့်ရ)[/caption]

ဦးအောင်မြင့် (၀ပြည်သွေစည်းညီညွတ်ရေးတပ်မတော် ပြောခွင့်ရ)

“ဒီကိစ္စနဲ့ပတ်သက်လို့ ကျနော်တို့လည်း နေ့လယ်ပိုင်းလောက်ကမှ သတင်းကြားတာ ဖြစ်တယ်။ သိရတာဖြစ်တယ်။ ဒီကိစ္စကို နိုင်ငံတော်သမ္မတကြီးကလည်း ငြိမ်းချမ်းရေး၊ အပစ်အခတ် ရပ်စဲရေးကိစ္စမှာ အတစ်အဆို့ဖြစ်နေတဲ့အခါမှာ ဒီလို အစည်းအဝေးကိုခေါ်တယ်။ ဒီလို လူကြီးတွေ ပါတီပေါင်းစုံကပေါ့နော် အဓိက ပါတီတွေ ခေါ်ပြီးတော့ ဒီလို ဆွေးနွေးတယ်ဆိုတော့ ပြောကြားတယ်ဆိုတော့ ဒါကတော့ ၀မ်းသာစရာပါ။ ကျနော်တို့လည်း သမ္မတကြီးရဲ့ နိုင်ငံတော် အေးချမ်းတည်ငြိမ်ရေး၊ အပစ်အခတ်ရပ်စဲရေး၊ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကြိုးစားနေတယ်။ ကြိုးပမ်းနေတယ်ဆိုတာ ကျနော်တို့ နားလည်သဘောပေါက်ပါတယ်။ ကျနော်တို့လည်း ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ၀မ်းသာပါတယ်။ ကြားသိရတဲ့အတွက် ၀မ်းလည်း ၀မ်းသာတယ်။ ဒါလည်း ပြည်သူလူထုတွေရဲ့ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး၊ နိုင်ငံတော် ပြုပြင်ပြောင်းလဲရေးပေါ့၊ ဒီကိစ္စတွေမှာ အဆောတလျင်စွာပေါ့ ရရှိဖို့ မျှော်လင့်ချက်ကိုလည်း တဖက်တလမ်းကနေပြီးတော့ ကြိုးစားနေတယ် ဆိုတာ ကျနော်တို့ ခံယူပါတယ်။ ၀မ်းသာပါတယ်။”

ခူးဦးရယ်  (အထွေထွေအတွင်းရေးမှူး ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ)

Kuu U Yal“ကျနော်တို့ကတော့ အဲသလို ကြားရတာ သတင်းကောင်းပဲလို့  ထင်ပါတယ်။ ကျနော်တို့ကလည်း ဘာပြောပြော တိုင်းပြည်ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ကောင်းကောင်းမွန်မွန် ကျနော်တို့ ရှေ့သွားမယ့် ခရီးမှာ အားလုံးစိတ်တူကိုယ်တူသွားနိုင်ဖို့တော့ အရေးကြီးပါတယ်။ တယောက်နဲ့တယောက်၊ တဖွဲ့နဲ့တဖွဲ့ပေါ်မှာ သံသယတွေတော့ ကင်းစင်ဖို့လိုတာပေါ့ဗျာ။ အဲသလို ကျနော်တို့ တွေ့ဆုံ ဆွေးနွေးကြပြီးတော့ အဖြေရှာခြင်းကတော့ အကောင်းဆုံးပေါ့လေ။ အခုလို ဒေါ်စုတို့ကို တသီးတသန့် ဖိတ်ကြားတယ်ဆိုတာလည်း ကောင်းတဲ့လက္ခဏာပါပဲ။ ကြိုဆိုပါတယ်။”

[caption id="attachment_69204" align="alignleft" width="236"]U Sai Lake ဦးစိုင်းလိတ်[/caption]

ဦးစိုင်းလိတ် (ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရ ပုဂ္ဂိုလ်)

“သမ္မတအနေနဲ့ ရှဥ့်လဲလျှောက်သာ ပျားလဲစွဲသာ သဘောမျိုးလုပ်တယ်လို့ မြင်ပါတယ်။ လေးပွင့်ဆိုင်ကိုလည်း သူငြင်းပယ်တာမျိုး မဟုတ်ဘဲနဲ့ လေးပွင့်ချည်းပဲလည်း မဟုတ်ရအောင် ပေါ့နော် အဖွဲ့အစည်းစုံအောင် ဖိတ်လိုက်တဲ့ သဘောပေါ့။ နောက်တခု ကျနော်မြင်တာပေါ့နော်၊ ဦးအောင်မင်း ခေါင်းဆောင်တဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့အနေနဲ့ ရှေ့ဆက်သွားလို့ မရနိုင်တဲ့အနေအထားမျိုး ဖြစ်ချင် ဖြစ်နေမယ်။ အဲ့ဒါတချက်၊ နောက် တချက်က အမေရိကန် သမ္မတ အိုဘားမား လာကာနီးပြီ။ ကမ္ဘာ့အမြင်မှာ မြန်မာပြည်ရဲ့ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်ဟာ ရှေ့ဆက်သွားနေပါတယ် ဆိုတာကိုလည်းပဲ သမ္မတက ပြချင်တာပါလိမ့်မယ်။ ဒါကြောင့်မို့ အခုလို စုဆုံဖို့ လုပ်လိုက်တာလို့ ထင်ပါတယ်။”

 

ကျော်ရင်မြင့် (စာရေးဆရာ၊ သတင်းစာဆရာ)

kyaw-yin-myint“အခု တွေ့ဆုံမှုဟာ သမိုင်းဝင်တွေ့ဆုံမှု ဖြစ်ပါတယ်။ ဘာလို့ဆိုတော့ ဒါမျိုးတခါမှ အစိုးရဘက်က မတွေ့ဆုံဖူးဘူးလေ။ နောက်ပြီး တပ်မတော်ကလည်း ပါတယ်ဆိုတော့ ဒီတွေ့ဆုံမှုကို ကြိုဆိုပါတယ်။ ဒါပေမယ့် ကျနော် စိုးရိမ်တာတခုက ဒီလို အများကြီးနဲ့ တွေ့ပြီးတော့ သူတမျိုး ကိုယ်တဖုံနဲ့ ခရီးမရောက်မှာတော့ စိုးရိမ်ပါတယ်။ ဒီတွေ့ဆုံမှုကနေ နောက်တဆင့် တက်ပြီးတော့မှ ပြည်သူလူထုတောင်းဆိုနေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ လေးပွင့်ဆိုင် တွေ့ဆုံမှု ဆီကို မြန်မြန်ရောက်အောင် သွားစေချင်ပါတယ်။ တိုင်းပြည်ရဲ့ အကျိုးအတွက် သိပ်ကိုအရေးကြီး နေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒီမိုကရေစီနဲ့အညီ ပြုပြင်ရေးအတွက်ကို ခရီးဆက်သွားစေချင် ပါတယ်ဗျ။”

[caption id="attachment_69205" align="alignleft" width="241"]Daw Khon Jar ဒေါ်ခွန်ဂျာ (ကချင်ငြိမ်းချမ်းရေးကွန်ရက် ညှိနှိုင်းရေးမှူး)[/caption]

ဒေါ်ခွန်ဂျာ (ကချင်ငြိမ်းချမ်းရေးကွန်ရက် ညှိနှိုင်းရေးမှူး)
“တွေ့ဆုံဆွေးနွေးတာက မဆွေးနွေးတာထက်စာရင် ပိုကောင်းပါတယ်။ ဒါပေမယ့် အမှန်တကယ်အားဖြင့် တွေ့ဆုံဆွေးနွေးမယ်ဆိုရင်တော့ စေတနာမှန်ဖို့ အရေးကြီးတယ်လို့ပဲ ယူဆတယ်ရှင်။ အကုန်လုံးက ငြိမ်းချမ်းချင်တဲ့ ဆန္ဒနဲ့ပဲ စေတနာ မှန်မှန်နဲ့ တွေ့ဆုံဆွေးနွေးလို့ ရှိရင်တော့ ကျမတို့အားလုံးအတွက် အချိန်ကုန် သက်သာ လူပန်းလည်း သက်သာတာပေါ့နော်။ အခုတော့ အရမ်း စိတ်ရှုပ်ထွေးရပါတယ်။ ဒါကြောင့် တွေ့ဆုံဆွေးနွေးဖို့ထက်ကို စေတနာနဲ့ ဆွေးနွေးဖို့ အထူးသဖြင့် တပ်မတော်ကလည်း စေတနာမှန်နဲ့ ပါမှပဲ ရမယ်။ ဒါမှ မဟုတ်ရင်တော့ ဘယ်မှ မရောက်ဘူး။ ငြိမ်းချမ်းရေးအတွက်လည်း မရောက်ဘူး။ နိုင်ငံဖွံ့ဖြိုးရေးအတွက်လည်း မရောက်ပဲဖြစ်မယ်။ အဲတော့ အကုန်လုံးကို ပြည်သူပြည်သားတွေရဲ့ မျက်နှာကို ထောက်ပြီးတော့ ကောင်းကောင်းမွန်မွန်ဆွေးနွေးကြပါလို့ပဲ တိုက်တွန်းချင်ပါတယ်။

“လောလောဆယ် သမ္မတ အိုဘားမားကလာဖို့ အရမ်းနီးနေတဲ့ အခါကျတော့ သမ္မတက အိုဘားမားကို မျက်နှာလုပ်တဲ့အနေနဲ့ ကမ်းလှမ်းတယ်လို့ ယူဆတယ်။ သူသာ စေတနာ မှန်တယ်ဆိုရင် စောစောစီးစီး ကမ်းလှမ်းလို့ရတယ်။”

[caption id="attachment_69207" align="alignright" width="217"]tin-tin-nyo ဒေါ်တင်တင်ညို[/caption]

ဒေါ်တင်တင်ညို (အထွေထွေအတွင်းရေးမှူး- အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)
“အခုလို နိုင်ငံအတွက် တကယ့်အဓိကျတဲ့ ခေါင်းဆောင်တွေ တွေ့မယ်ဆိုတာကတော့ ကောင်း ပါတယ်။ အဓိက ကတော့ လက်ရှိ ပြုပြင်ပြောင်းလဲရေးသွားတဲ့နေရာမှာ အခုဆိုရင် ပိုမိုရှုပ်ထွေးလာတဲ့ နိုင်ငံရေးအခင်းအကျင်းတွေကို မြင်လာရတယ်။ ပြီးတော့ ရှေ့မတိုးတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေပေါ့လေ။ ဆိုတော့ ဒီဆွေးနွေးပွဲမှာ တကယ့် မြန်မာနိုင်ငံမှာ တရားမျှတတဲ့ တရားစီရင်ရေးစနစ်တွေ၊ လူထုတွေကို အကာအကွယ်ပေးနိုင်မယ့် ဥပဒေတွေ ပေါ်ထွက်နိုင်ဖို့ အတွက်ကိုလည်း ဆွေးနွေးပေးနိုင်ရင်ကောင်းတယ်။ ဘာလို့လဲဆိုရင် နိုင်ငံအတွက် သတင်းမှန်တွေ ပေါ်ထွက်ဖို့ ကြိုးစားလုပ်ဆောင်ခဲ့တဲ့ သတင်းထောက်တွေ ဖမ်းဆီး ထောက်ကျခံရတယ်။ အဲဒီအပြင် အမျိုးသမီးတွေ စစ်ဖြစ်တဲ့နေရာမှာရော မဖြစ်တဲ့နေရာမှာပါ နည်းပေါင်းစုံနဲ့ အကြမ်းဖက်ခံရတဲ့ကိစ္စတွေ အထူးသဖြင့် စစ်တပ်ကနေ အဓမ္မပြုကျင့်တဲ့ ကိစ္စတွေပေါ့။ ဒါတွေဟာ တကယ့် အကာကွယ်ရဖို့ လိုပါတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013