
ချီလီနိုင်ငံ၊ စန်တီယာဂိုမြို့မှာ အဒါမာရီ ဂါစီယာနဲ့ နာတာလီတို့ဟာ ဖေဖော်ဝါရီ ၂၂ ရက်က မိသားစုတွေနဲ့ ပြန်ဆုံတွေ့ခဲ့ကြပါတယ်။
ချီလီရဲ့ စစ်အာဏာရှင်စနစ်အောက်မှာ ၁၉၇၃ ခုနှစ်ကနေ ၁၉၈၉ ခုနှစ်အတွင်း တရားမဝင် မွေးစားခံခဲ့ရသူတွေ ပြန်လည်ပေါင်းစည်းရေး ရည်ရွယ်ထားတဲ့ အဖွဲ့အစည်းဖြစ်တဲ့ Connecting Roots အဖွဲ့ရဲ့ ကြိုးပမ်းချက်တွေက စိတ်လှုပ်ရှားစရာ ပြန်လည်ပေါင်းစည်းရေးကို ပံ့ပိုးပေးခဲ့ပါတယ်။
ချီလီနိုင်ငံ၊ ကွင်ထယ်ရိုမြို့က အဒါမာရီ ဂါစီယာဟာ မျိုးဗီဇ DNA တိုက်ဆိုင်မှုမပြီးမချင်း သွေးသားရင်း မိသားစုတွေအကြောင်း မသိခဲ့ဘဲ အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် မိုင်ယာမီမြို့မှာ ကြီးပြင်းလာခဲ့တာပါ။
DNA စစ်ဆေး ပြီးတော့မှ မိခင်နဲ့ မွေးချင်းတွေဆီ ပြန်ရောက်ခဲ့ပါတယ်။ အဲဒီလိုပဲ စန်တီယာဂိုမြို့မှာ မွေးခဲ့တဲ့ နာတာလီဟာ ၂၀၀၃ ခုနှစ်မှာ မိခင်အရင်းကိုဆုံးရှုံးခဲ့ရပေမယ့် Connecting Roots အဖွဲ့အစည်းကတဆင့် သူ့ မိသားစု ကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။
ကလေးတွေကို “စီးပွားရေးရည်ရွယ်ချက်အတွက် လက်တွေ့ကျကျ ပြည်ပတင်ပို့ခဲ့ကြတယ်၊ မွေးပြီး သေဆုံးတယ်လို့ ကြေညာတာ၊ ဆေးရုံ ဒါမှမဟုတ် အစိုးရအဖွဲ့အစည်းတွေက ပြန်ပေးဆွဲတာ စတဲ့ နည်းမျိုးစုံသုံးပြီး မိသားစုနဲ့ ခွဲထုတ်ခဲ့ကြတယ်လို့ ဟွမ်လူဝီ အင်ဆွန်ဇာက ရှင်းပြပါတယ်။
“အနာကျင်ဆုံးကတော့ မိခင်တွေဟာ သူတို့ရဲ့ကလေးကို မွေးစားဖို့အတွက် အတင်းအကျပ် စွန့်လွှတ်ခိုင်းတာ ခံခဲ့ကြရပါတယ်” လို့သူက ဆက်ပြောပါတယ်။
“နောက်ဆုံးတော့ သောကတွေနဲ့ စိုးရိမ်မှုတွေ ပျောက်သွားတယ်။ အခုတော့ အပြုံးတွေနဲ့ ပွေ့ဖက်ဖို့ပဲ ကျန်တော့တယ်” လို့ စနေနေ့က သူ့အမေကို ပထမဆုံးအကြိမ် ပွေ့ဖက်ခဲ့တဲ့ အဒါမာရီ ဂါစီယာက ပြောခဲ့ပါတယ်။
Source: Reuters