DVB Logo
Home
မြန်မာသတင်း
တပတ်အတွင်း ဗန်းမော် စစ်ရှောင်ကျေးရွာ ၆ ခုကို စစ်တပ်ဗုံးကြဲ၊ ပြည်သူအများအပြား သေဆုံး
DVB
·
February 23, 2025
တပတ်အတွင်း ဗန်းမော် စစ်ရှောင်ကျေးရွာ ၆ ခုကို စစ်တပ်ဗုံးကြဲ၊ ပြည်သူအများအပြား သေဆုံး
Donate to DVB

ဗန်းမော်မြို့သိမ်းတိုက်ပွဲ ပြင်းထန်နေတဲ့ ဗန်းမော်မြို့အနီးပတ်ဝန်းကျင်က ကျေးရွာ ၆ ထက်မနည်းကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ အများအပြား သေဆုံး ဒဏ်ရာရခဲ့ကြတယ်လို့ သိရပါတယ်။

ပြည်သူအများအပြား တိမ်းရှောင်နေတဲ့ ဗန်းမော်ခရိုင်ထဲ ဗန်းမော်မြို့က ကျေးရွာတွေကို ဖေဖော်ဝါရီ ၁၄ ရက်က စတင်ပြီး စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်နေတာလို့ ဗန်းမော်မြို့ခံတယောက်က ပြောပါတယ်။

“အခုက ဗန်းမော် ပတ်ဝန်းကျင်က ရွာတွေ ရွာတွေကိုပဲ လိုက်ကြဲနေတာ။ ရွာတွေ အားလုံး ဗန်းမော်က စစ်ရှောင်တွေ ကြီးပဲ၊ နီးနီးနားနားရှောင်နေကြတဲ့သူတွေကော၊ အများကြီး တခုခု ပြန်လို့ရရင် အမြန်ပြန်လို့ရအောင်ဆိုပြီး နေနေကြတာ၊ အခုက နေရမလို ထပ်ပဲပြေးရမလိုဖြစ်နေပြီ၊ သေတဲ့သူတွေကောအများလာပြီဆိုတော့” လို့ ပြောပါတယ်။

ဖေဖော်ဝါရီ ၁၄ ရက်က ဗန်းမော်မြို့နယ် ဧရာဝတီမြစ်ဘေးက စင်းခန်းရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၂ ဦး အသက်ဆုံးရှုံးခဲ့ရပြီးတော့ ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာလည်း ဗန်းမော်မြို့တဖက်ကမ်းမှာက ဗန်းမော်စစ်ရှောင်တွေ တိမ်းရှောင်နေထိုင်နေတဲ့ မြစေတီကျေးရွာကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်တာကြောင့် ဘုန်းကြီးကျောင်းမှာ ကျရောက်ပေါက်ကွဲပြီး ပြည်သူ ၃ ဦး အသက်ဆုံးရှုံးခဲ့ရတယ်လို့ စင့်ကင်ကျေးရွာက ဒေသခံတယောက်က ပြောပါတယ်။

ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာလည်း တိုက်ပွဲမဖြစ်ဘဲ မိုးမောက်မြို့နယ်ထဲက ဝက်ငင်းကျေးရွာနဲ့ ညင်းအီကျေးရွာကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာကြောင့် မိသားစုတစုတည်းက ပြည်သူ ၇ ဦး ထိခိုက်သေဆုံးခဲ့ပြီး ၅ ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပါတယ်။

ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာလည်း မနက်စောပိုင်း ၁ နာရီဝန်းကျင်မှာ စစ်ကောင်စီလေတပ်က Y-12 လေယောဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့ နေအိမ် အများအပြားပျက်စီးခဲ့ရသလို ညနေ ၄ နာရီခွဲဝင်းကျင်မှာလည်း ဗန်းမော်ခရိုင်ထဲက မံသာကျေးရွာကို Y-12 လေယာဉ်နဲ့ ဗုံး ၁၂ လုံး ကြဲချခဲ့တာကြောင့် ကလေးငယ် အပါအဝင် ပြည်သူ ၂ ဦး အသက်ဆုံးရှုံးခဲ့ရပြီးတော့ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဗုံးကြဲတိုက်ခိုက်ခံရတဲ့ ကျေးရွာတွေဟာ ဗန်းမော်တိုက်ပွဲ စတင်ဖြစ်ပွားစဉ်ကတည်းက  လေယာဉ်ပျံသန်းမှု ရှိနေပေမဲ့ ဗုံးကြဲတိုက်ခိုက်တဲ့ဖြစ်စဉ်တွေ မရှိခဲ့ဘဲ ဗန်းမော်မြို့ပတ်ဝန်းကျင်က စစ်ကောင်စီတပ်စခန်းတွေ လက်လွှတ်ဆုံးရှုံးမှု များလာတဲ့အချိန်မှ အခုလိုတိုက်ခိုက်မှု ဖြစ်လာတာလို့ ဗန်းမော်မြို့ကနေ တိမ်းရှောင်နေတဲ့ အမျိုးသားတဦးက ပြောပါတယ်။

“လေယာဉ်က အရင်ကတည်းကနေ ပျံနေတာ ဗန်းမော် တိုက်ပွဲစတဲ့ အချိန်ကတည်းကနေ ပျံနေတာပဲ။ ဒီရက်ပိုင်းမှ လာပြီး ဗုံးလာကြဲနေတာလေ၊ အရင်က လာမကြဲဘူး။ အခုက ဗန်းမော်လည်း အခြေအနေမကောင်းလို့နေမှာ ဗန်းမော်က တပ်တွေလည်း ရှုံးနေတယ်ဆိုတော့ အဲတာကြောင့် လာပစ်တာပဲနေမှာပါ။” 

လေကြောင်းတိုက်ခိုက်ခံရတဲ့ ကျေးရွာတွေဟာ ဗန်းမော်မြို့ကနေ ထွက်ပြေးတိမ်းရှောင်လာတဲ့ ပြည်သူတွေ အများအပြားနေထိုင်နေတဲ့ ကျေးရွာတွေ ဖြစ်ပါတယ်။

ဗန်းမော်မြို့ပတ်ဝန်းကျင်က ကျေးရွာတွေကို တပတ်အတွင်း ဗုံးကြဲတိုက်ခိုက်တာကြောင့် ကလေးငယ်တွေ အပါအဝင် ပြည်သူ ၁၄ ဦး အသက်ဆုံးရှုံးခဲ့ရပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့သလို နေအိမ်တွေလည်း ထိခိုက်ပျက်ဆီးခဲ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013