
ရန်ကုန်၊ မရမ်းကုန်းခရိုင်ထဲက မြောက်ဥက္ကလာ စစ်ကောင်စီရဲတပ်ဖွဲ့ဟာ ၂ လုံး ၃ လုံး လောင်းကစားလိုင်းကြေးကနေ လတိုင်း ကျပ်သိန်းရာချီရရှိနေတယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတွေက ပြောပါတယ်။
မြောက်ဥက္ကလာပမြို့နယ်ဟာ ရပ်ကွက် ၁၇ ခုနဲ့ ဝေဘာဂီ၊ ရွှေပေါက်ကံစတဲ့ မြို့သစ်ရပ်ကွက် ၂ ခု ပါဝင်ပြီး လောင်းကစားဒိုင်ချုပ် ၅ ဦးထပ်မနည်းနဲ့ လက်ခွဲဒိုင်တွေကနေ အပိုင်နယ်ထိန်းတွေက ကောက်ယူရရှိနေတာ ဖြစ်ပါတယ်။
လောင်းကစားလိုင်းကြေး ကောက်ယူမှုမှာ တရားမဝင် ၃ လုံးထီကို တလကို ၂ ကြိမ်နှုန်းနဲ့ ဒိုင်ချုပ်တဦးဆီကနေ တကြိမ် ၁၀ သိန်းရရှိသလို ၂လုံးထီကို တလကို ၄ ကြိမ်နှုန်းနဲ့ တပတ် ၃ သိန်းနှုန်း ရရှိနေကြတယ်လို့ မြောက်ဥက္ကလာရဲတပ်ဖွဲ့နဲ့ နီးစပ်သူတဦးက ပြောပါတယ်။
“၃ လုံးက တလကို သိန်း ၂၀၊ ၂ လုံးက တပတ်ကို ၃ သိန်း။ ဒါက ခေါင်းတွေဆီကပဲ ရတာ။ အဲ့တာကို မြို့နယ်ကို ပေး။ ကော်စားတွေဆီကနေ ရတာကို နယ်ထိန်းတွေ ယူ။ အဲ့လိုမျိုး ပြန်ခွဲတာ။ တမြို့လုံးဆို ကော်စားက ၅၀၊ ၆၀ လောက်ရှိမယ်။ အချုပ်က ၅ ယောက်ပဲ ရှိတယ်။ ဒါတွေက မြို့နယ်မှူး မသိဘဲနဲ့ကို လုပ်လို့ မရပါဘူး။”
စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း မြောက်ဥက္ကလာပမြို့နယ်အတွင်းမှာ ၂ လုံး ၃ လုံး ဒိုင်တွေ ပေါ်တင်ရောင်းချလာသလို ဆော့ကစားသူ ပိုများပြားလာခဲ့ပြီး ဃ ရပ်ကွက် မေဓာဝီဈေးဆိုင်ခန်းမှာ စည်ပင်ခွင့်ပြုချက်နဲ့ ရောင်းချနေသူတွေပါ ရှိလာတယ်လို့ မြို့ခံတဦးက ပြောပါတယ်။
“၂ လုံးက လောင်းကစားလို့ကို မမြင်တော့တာ။ ထမင်းစားရေသောက်လိုတောင် ဖြစ်နေပြီ။ ဘယ်သူမှလည်း မဖမ်းဘူး။ တိုင်တဲ့လူကိုတောင် ရန်ပြန်လုပ်ကြသေးတယ်။ မေဓာဝီဈေးမှာဆို ဆိုင်ခန်းနဲ့တောင် ရောင်းတာ။”
အရပ်သားအစိုးလက်ထက် ပြည်ထောင်စုလွှတ်တော်မှာ၂၀၁၉ မေလ ၇ ရက်နေ့က ပြဋ္ဌာန်းခဲ့တဲ့ လောင်းကစားဥပဒေ ပုဒ်မ ၄နဲ့ ၅ အရ ပြည်သူပိုင်နေရာမှာ ဝရမ်းမလိုဘဲ ဖမ်းခွင့်ရှိသလို လောင်းကစားအိမ်မှာ လောင်းကစားနေကြောင်း သိရှိပါက သက်ဆိုင်ရာရဲတပ်ဖွဲ့က ဒုရဲအုပ်အဆင့်ရှိသူနဲ့အတူ ရပ်ကွက်အုပ်ချုပ်ရေးရုံးအဖွဲ့က ဝရမ်းနဲ့ ဝင်ဖမ်းနိုင်တယ်လို့ တွေ့ရပါတယ်။
လက်တွေ့မှာတော့ ဒီဝရမ်းကို မြို့နယ်ထွေအုပ်နဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူးကသာ ထုတ်ပေးနိုင်နေပြီး လောင်းကစားလိုင်းကြေးယူထားတာကြောင့် ဖမ်းဆီးအရေးယူခြင်း မပြုဘဲ တရားဝင်နီးပါးဖွင့်ခွင့်ပေးထားလို့ လောင်းကစားလုပ်သူတွေ ပိုများပြားလာနေတယ်လို့ သိရပါတယ်။