DVB Logo
Home
မြန်မာသတင်း
ဘဏ္ဍာရေးဆိုင်ရာ အမည်ပျက်နိုင်ငံအဖြစ် မြန်မာနိုင်ငံ ဆက်လက်တည်ရှိ
DVB
·
February 22, 2025
ဘဏ္ဍာရေးဆိုင်ရာ အမည်ပျက်နိုင်ငံအဖြစ် မြန်မာနိုင်ငံ ဆက်လက်တည်ရှိ
Donate to DVB

နိုင်ငံတကာငွေကြေးခဝါချမှု စောင့်ကြည့်အရေးယူရေးအဖွဲ့ (FATF) က မြန်မာနိုင်ငံကို ဘဏ္ဍာရေးဆိုင်ရာ အမည်ပျက်နိုင်ငံအဖြစ် ဆက်လက်ထားရှိမယ်လို့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

ပြင်သစ်နိုင်ငံပါရီမြို့မှာ ဖေဖော်ဝါရီလ ၁၇ ရက်ကနေ ၂၁ ရက်အထိ ကျင်းပတဲ့ FATF ရဲ့ အစည်းအဝေးမှာ မြန်မာကို အီရန်၊ မြောက်ကိုရီးယားတို့နဲ့အတူ ငွေကြေးခဝါချမှုနှင့် ရာဇ ဝတ်မှုဆိုင်ရာ ဘဏ္ဍာရေး အမည်ပျက်နိုင်ငံအဖြစ် ဆုံးဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။

၂၀၂၂ ခုနှစ်ကတည်းက ငွေကြေးခဝါချမှုဆိုင်ရာ အရေးယူတိုက်ဖျက်မှု မလုပ်ဆောင်နိုင်ခြင်း၊ အကြမ်းဖက်မှုနဲ့ ပတ်သက်တဲ့ ဘဏ္ဍာရေးဆိုင်ရာ အရေးယူမှုတွေ မလုပ်ဆောင်နိုင်ခြင်း၊ FATF အဖွဲ့က ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်း ဘောင်တွေအတိုင်း လိုက်နာဆောင်ရွက်မှုမရှိခြင်း၊ တိုးတက်မှု မရှိခြင်းတွေကြောင့် မြန်မာနိုင်ငံကို အမည်ပျက်စာရင်း ကြေညာခဲ့တာဖြစ်ပြီး လက်ရှိအချိန်အထိလည်း စစ်ကောင်စီရဲ့ လုပ်ဆောင်မှုတွေဟာ FATF အဖွဲ့က ချမှတ်ထားတဲ့၊ အရေးယူဆောင်ရွက်ရမယ့် အစီအစဉ်တွေကို အပြည့်အစုံ လိုက်နာခြင်း မရှိတာကြောင့် မြန်မာနိုင်ငံကို ဘဏ္ဍာရေး အမည်ပျက်နိုင်ငံများစာရင်းမှာ ဆက်လက်ထားရှိသွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

FATF ရဲ့ အစည်းအဝေးကို စစ်ကောင်စီ ဗဟိုဘဏ်ဥက္ကဌ ဒေါ်သန်းသန်းဆွေ တက်ရောက်ခဲ့ပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ၊ သက်သေခံပစ္စည်းတွေနဲ့ စီမံခန့်ခွဲရေးဥပဒေတွေကို ပြင်ဆင်ပြဋ္ဌာန်းခဲ့ပြီး ငွေကြေးခဝါချမှု ဥပဒေကိုလည်း ပြင်ဆင်ဖို့ ဆောင်ရွက်နေကြောင်း ပြောဆိုခဲ့ပေမဲ့ စစ်ကောင်စီရဲ့ တောင်းဆိုချက်နဲ့ လုပ်ဆောင်ချက်တွေက FATF ချမှတ်ထားတဲ့ လိုအပ်ချက်တွေအတွက် ပြည့်စုံခြင်းမရှိသေးတာကြောင့် မြန်မာနိုင်ငံကို အမည်ပျက်နိုင်ငံအဖြစ် ဆက်လက်အရေးယူထားတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် လာမယ့် ၂၀၂၅ ခုနှစ် ဇွန်လမှာ မြန်မာနိုင်ငံအနေနဲ့ FATF က ချမှတ်ထားတဲ့ ဘဏ္ဍာရေးဆိုင်ရာ အရေးယူမှုတွေအပေါ် တုံ့ပြန်ဆောင်ရွက်မှုတွေဟာ တိုးတက်လာမှု ရှိ၊ မရှိ ဆန်းစစ်သွားမှာဖြစ်ပြီး တိုးတက်မှု မရှိပါက FATF အဖွဲ့အနေနဲ့ အရေးယူမှုတွေ ဆက်လက် တိုးမြှင့်သွားမယ်လို့လည်း FATF က ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013