
လက်ရှိစစ်ပွဲတွေကို လူထုကလည်းထောက်ခံပြီး တရားသောစစ် ဆင်နွှဲနေတာလို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောပါတယ်။
လူထုရွေးချယ်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရဆီကနေ အာဏာသိမ်းယူလိုက်ပြီးနောက် ဖြစ်ပေါ်နေတဲ့ လက်ရှိတိုက်ပွဲတွေကို တရားသောစစ်ဖြစ်တယ်လို့ ဖေဖော်ဝါရီ ၂၁ ရက်က ပြုလုပ်တဲ့ ဗထူးဗိုလ်သင်တန်းကျောင်း သင်တန်းဆင်းပွဲမိန့်ခွန်းမှာ ထည့်ပြောသွားတာ ဖြစ်ပါတယ်။
စစ်တပ်ကဆင်နွှဲနေတဲ့ စစ်ပွဲတွေကို လူထုကလည်းထောက်ခံအားပေးတယ်လို့ဆိုပြီး စစ်ပွဲကို ဆက်လက်ဆင်နွှဲသွားမယ်လို့လည်း စစ်ခေါင်းဆောင်က ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက် စစ်အာဏာသိမ်းမှု ကိုလက်မခံလိုတဲ့လူထုက ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒထုတ်ဖော်ခဲ့ကြပေမဲ့ စစ်တပ်ဘက်က နည်းမျိုးစုံနဲ့နှိမ်နှင်းပြီး အကြမ်းဖက်ဖြိုခွင်း ဖမ်းဆီးတာတွေ လုပ်ခဲ့တာကြောင့် အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ လက်နက်ကိုင် တော်လှန်ရေးအဖြစ် ပြောင်းလဲခဲ့ပြီး တိုက်ပွဲတွေဖြစ်လာတာ ၄ နှစ်နီးပါး ရှိလာခဲ့ပြီဖြစ်ပါတယ်။
စစ်ကောင်စီဟာ တိုက်ပွဲတွေနဲ့အတူ အရပ်သားတွေကိုပါ ပစ်မှတ်ထားတဲ့ လေကြောင်း တိုက်ခိုက်မှုတွေကိုလည်း အရှိန်မြှင့်လုပ်ဆောင်ခဲ့ပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဒီမိုကရေစီရေးလှုပ်ရှားသူတွေနဲ့ ပြည်သူစုစုပေါင်း ၆,၃၀၀ ကျော် သေဆုံးခဲ့ပါတယ်။
ဒါ့အပြင် အာဏာသိမ်းမှုအား ဆန့်ကျင်သူတွေကို ပုံစံမျိုးစုံနဲ့ဖမ်းဆီးတာတွေကြောင့် ဖမ်းဆီးခံရသူပေါင်း ၂၈,၆၂၀ ယောက် ရှိခဲ့ပြီး ၂၁,၈၇၃ ယောက်ကတော့ ဖမ်းဆီးထိန်းသိမ်း ခံနေရဆဲဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားပါတယ်။
စီပွားရေးကျဆင်းမှုနဲ့ အဘက်ဘက်က ဆုတ်ယုတ်မှုတွေကြားမှာ စစ်ကောင်စီကတော့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်ကြောင်းနဲ့ ရွေးကောက်ပွဲကို မဖြစ်မနေလုပ်မယ့်အကြောင်း မိန့်ခွန်းတွေ မကြာခဏပြောဆိုနေပေမဲ့ စစ်ပွဲကိုဆက်တိုက်မယ်ဆိုတဲ့ အကြောင်းကိုလည်း ထုတ်ပြောလာတာဖြစ်ပါတယ်။











