
အစ္စရေးမြို့တော် တဲလ်အဗစ်အပြင်ဘက်ရှိ ဆင်ခြေဖုံးရပ်ကွက် ၂ ခုမှာ ဘတ်စ်ကား ၃ စီး ဆက်တိုက် ပေါက်ကွဲခဲ့ပြီး ဖောက်ခွဲရေးပစ္စည်း ၄ ခုကို တွေ့ရှိခဲ့ကြောင်း အစ္စရေးရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၂၁ ရက် အစောပိုင်းမှာ ပြောကြားခဲ့ပြီး အသေအပျောက် မရှိကြောင်းလည်း သတင်း ထုတ်ပြန်ထားပါတယ်။
ဖေဖော်ဝါရီ ၂၀ ရက် ညပိုင်းက ပေါက်ကွဲမီးလောင်ခဲ့တဲ့ ဘတ်စ်ကားတွေဟာ ရုံထဲမှာ ရပ်နားထားတာဖြစ်ပြီး လူမရှိတဲ့ ဘတ်စ်ကားအလွတ်တွေဖြစ်ကြောင်း ပြည်တွင်းမီဒီယာက ဖော်ပြပါတယ်။
ဘတ်စ်ကားတွေပေါ်မှာ ပေါက်ကွဲမှုတွေ ဆက်တိုက် ဖြစ်ပွားခဲ့ပြီးနောက်မှာ ဘတ်ယန်မြို့မှာ အချက်ပေး ဥသြသံတွေ မြည်လာပြီး မီးခိုးလုံးတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။
အစ္စရေးစစ်တပ်ဟာ စုံစမ်းစစ်ဆေးမှုမှာ ရဲတပ်ဖွဲ့နဲ့ ရှင်းဘတ် ထောက်လှမ်းရေးအေဂျင်စီတို့ကို ကူညီပေးနေကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
ရဲတပ်ဖွဲ့က မသင်္ကာစရာ သံသယရှိသူတွေကို ရှာဖွေနေကာ တခြားဘတ်စ်ကားတွေကိုလည်း စစ်ဆေးနေပြီး ပြည်သူတွေကိုလည်း သတိရှိကြဖို့ တိုက်တွန်းထားပါတယ်။
ဗုံးပေါက်ကွဲမှုအတွက် ဘယ်သူ ဘယ်အဖွဲ့မှာ တာဝန်ရှိကြောင်း ချက်ချင်း ထုတ်ဖော် ပြောဆိုခြင်း မရှိပါဘူး။
ဗုံးပေါက်ကွဲမှုတွေဖြစ်ပွားအပြီးမှာ ဝန်ကြီးချုပ် နေတန်ယာဟုကို သူ့ရဲ့စစ်ဘက်ရေးရာ အတွင်းဝန်မှ အကျဉ်းချုံး တင်ပြပြီး လုံခြုံရေးအခြေအနေ အကဲဖြတ်မှုကို ပြုလုပ်တော့မှာဖြစ်ကြောင်း သူ့ရဲ့ ရုံးခန်းက ပြောကြားခဲ့ပြီး နေတန်ယာဟုဟာ ကာကွယ်ရေးဝန်ကြီး၊ စစ်တပ်အကြီးအကဲ၊ ရှင်းဘတ် ထောက်လှမ်းရေးအဖွဲ့နဲ့ ရဲမင်းကြီးတို့နဲ့ တွေ့ဆုံခဲ့ကြောင်းလည်း ဆိုပါတယ်။
အများပြည်သူ သယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့အနေနဲ့ ဘတ်စ်ကားတွေ၊ မီးရထားတွေနဲ့ ဓာတ်ရထားတွေ အားလုံးကိုလည်း ရပ်တန့်စစ်ဆေးသင့်ကြောင်း အစ္စရေး သယ်ယူပို့ဆောင်ရေး ဝန်ကြီးက ပြောကြားခဲ့ကြောင်း အစ္စရေးမီဒီယာက ဖော်ပြပါတယ်။
Source : Reuters











