
မကွေးတိုင်း၊ မင်းတုန်းမှာ ချုံခိုတိုက်ခိုက်မှုနဲ့ စခန်းသိမ်းတိုက်ပွဲအတွင်းစစ်သား ၁၀ ဦးသေဆုံးပြီး ၇ ဦး ထိခိုက်ဒဏ်ရာရတယ်လို့ မင်းတုန်း ပကဖ ထံက သိရပါတယ်။
ဖေဖော်ဝါရီ ၁၉ ရက်နေ့ သရက်-မင်းတုန်းလမ်းပိုင်းတနေရာရှိ မင်းတုန်းမြို့နယ် အလယ်ချောင်းရဲစခန်းအနီးက သရက်မြို့နယ် အခြေစိုက် ကပစ (၁၂) က ထွက်လာတဲ့ စစ်ကောင်စီ အဖြူရောင်ဖောကားတစီးကို အသင့်စောင့်ကြိုနေရာယူပြီး ချုံခိုတိုက်ခိုက်ခဲ့ရာ ကားပေါ်ပါလာတဲ့ ၈ ဦးသေဆုံးကာ အရာရှိအပါအဝင် ၄ ဦး ပြင်းထန်ဒဏ်ရာရသွားတယ်လို့ မင်းတုန်းပကဖရဲ့ တာဝန်ရှိသူ ကိုဗဟိန်းက ပြောပါတယ်။
“လက်နက်ခဲယမ်းရတာမျိုးတော့ မရှိပါဘူး။ ဘယ်လိုသိရလဲဆိုတော့ အဲ့ဒီနေရာ သူတို့ တံခါးမရှိ ဓားမရှိ ကူးနေတဲ့လမ်းပေါ့။ တနေ့မဟုတ် တနေ့ဖြတ်မယ်ဆိုပြီး စောင့်တဲ့သဘောပါ။”
အဆိုပါတိုက်ပွဲအတွင်း သေဆုံးသွားတဲ့ အလောင်းတွေကို ကပစ (၁၂) ကို အရပ်သားကားတွေနဲ့ သယ်ထုတ်သွားပြီ ဒဏ်ရာရရှိတဲ့ အရာရှိတွေကို မကွေးစစ်ဆေးရုံပို့ကာ အခြားအဆင့် ၂ ယောက်အား မင်းတုန်းဆေးရုံမှာ လုံခြုံရေးများချထားကာ အရေးပေါ်ကုသမှုခဲ့တယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာလည်း ပုသိမ်-မုံရွာ ကားလမ်းပေါ်ရှိ မင်းတုန်းမြို့နယ် ကျောက်တိုင် ဆေးရုံမှာ စခန်းချကာ ပြည်သူလူထုကို ဒုက္ခပေးနေတဲ့ အင်အား ၅၀ ဝန်းကျင်ရှိ စစ်ကောင်စီ တပ်စခန်းကို ၀င်ရောက်စီးနင်း တိုက်ခိုက်ခဲ့ရာ ၂ ဦးသေဆုံးပြီး ၃ ဦးပြင်းထန်ဒဏ်ရာရသေးတယ်လို့ မင်းတုန်း ပကဖက ဒီနေ့မှာ ထုတ်ပြန်အသိပေးထားပါတယ်။
“ဆေးရုံထဲမှာက အဆောက်အဦတွေကအများကြီးပဲ။ နေရာတိုင်းလိုလိုမှာ သူတို့က scout နေရာတွေ ထားတာဆိုတော့ စခန်းရဖို့အထိတော့ မနီးစပ်ခဲ့ဘူး။ ဆေးရုံရဲ့ ၂၀ ရာခိုင်နှုန်းလောက်ကို စီးနိုင်ခဲ့တဲ့ သဘောရှိပါတယ်” လို့ ကိုဗဟိန်းက ဆက်ပြောပါတယ်။
ဆေးရုံအတွင်းက တိုက်ပွဲဟာ ကြာချိန် မိနစ် ၄၀ အထိရှိခဲ့ပြီး စခန်း မရရှိသေးဘဲ အပြင်းအထန် တိုက်ခိုက်နေချိန် ခဲယမ်း မလုံလောက်မှုကြောင့် ပြန်လည်ဆုပ်ခွာခဲ့ရတယ်လို့ သိရပါတယ်။
အဆိုပါ စစ်ရေးလှုပ်ရှားမှုတွေကို မကွေးတိုင်းပကဖ အထူးလှုပ်ရှားတပ် (USB Army) က ဦးဆောင်ကာ မင်းတုန်းမြို့နယ် ပကဖ / အထက်မင်းလှ မြို့နယ်ပကဖတို့က ပူးပေါင်းပါ၀င် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။










