DVB Logo
Home
မြန်မာသတင်း
ကလေးမြို့နယ်ရှိ ရွှေတောင်ကြား တော်လှန်ရေးဆေးရုံကို စစ်တပ် ဗုံးကြဲ
DVB
·
February 21, 2025
ကလေးမြို့နယ်ရှိ ရွှေတောင်ကြား တော်လှန်ရေးဆေးရုံကို စစ်တပ် ဗုံးကြဲ
Donate to DVB

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းက တော်လှန်ရေးဆေးရုံတခုကို ဖေဖော်ဝါရီ ၁၃ ရက် မနက် ၁၀ နာရီခွဲဝန်းကျင်မှာ လေကြောင်းတိုက်ခိုက်ခံခဲ့ရတယ်လို့ People's Healthcare Network Kalay (PHN Kalay) က ဖေဖော်ဝါရီ ၂၀ ရက် ညဦးပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

PHN Kalay ရဲ့ ပြောရေးဆိုခွင့်ရှိသူတယောက်က “ကလေးမြို့နယ်တောင်ပိုင်းက စိုးမိုးနယ်မြေတခုမှာ ပြည်သူတွေနဲ့ ပြည်သူ့ရဲဘော်တွေကို ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေတဲ့ ရွှေတောင်ကြား တော်လှန်ရေးဆေးရုံ (Golden Valley Revolution Hospital) ကို စစ်ကောင်စီက လေ​ယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ” လို့ ပြောပါတယ်။

ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတာကြောင့် ဆေးရုံအဆောက်အအုံ လုံးဝပျက်စီးသွားသလို ဆေးရုံအသုံးအဆောင် ပစ္စည်းတွေလည်း ပျက်စီးဆုံးရှုံးခဲ့ရပြီး အရပ်သားပြည်သူ ထိခိုက်မှုမရှိဘဲ ကျန်းမာရေး စေတနာ့ဝန်ထမ်း ၅ ယောက်ကတော့ မစိုးရိမ်ရတဲ့ဒဏ်ရာတွေ ရရှိခဲ့ကြတယ်လို့ ဆိုပါတယ်။

People’s Healthcare Network Kalay အဖွဲ့ကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ နှစ်ဆန်းပိုင်းမှာ ကလေးမြို့နယ်က CDM ကျန်းမာရေးဝန်ထမ်းတွေ စုပေါင်းထူထောင်ခဲ့ကြကာ ကလေးမြို့နယ် တောင်ပိုင်းမှာ ဆေးရုံတခု၊ ကလေးမြို့နယ် မြောက်ပိုင်းမှာ ဆေးရုံတခုနဲ့ ကျန်းမာရေးစင်တာ ၆ ခု ဖွင့်လှစ်ထားခဲ့တာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

စစ်ကိုင်းတိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံက “စစ်ဆေးအရှိန်ကလည်း ပြင်းထန်လာတဲ့ ကာလလည်းဖြစ်၊ မြေပြင်တိုက်ပွဲတွေမှာလည်း အထိနာနေတဲ့ စစ်တပ်ဟာ စစ်ရေးနဲ့မသက်ဆိုင်တဲ့ နေရာတွေကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေပြီး စစ်ရာဇဝတ်မှုတွေကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတာဖြစ်တယ်။ ပြည်သူတွေ အပါအဝင် တော်လှန်ရေးရဲဘော်တွေ အားလုံး သတိရှိကြဖို့ အထူးလိုအပ်ပါတယ်” လို့ DVB ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ဖေဖော်ဝါရီ ၁၉ ရက် မနက်ပိုင်းကလည်း ကလေးမြို့တောင်ပိုင်းက ဒိုးနွယ်ကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အသက် ၆၀ ကျော် အမျိုးသားတယောက် ဗုံးစထိမှန် သေဆုံးခဲ့ပြီး ကလေးငယ်နဲ့ အမျိုးသမီးတွေ အပါအဝင် ၇ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သေးတယ်လို့လည်း သူက ဆက်ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ အရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိ စက်ဆုတ်ရွံရှာဖွယ်ကောင်းစွာ လူမဆန်တဲ့ လေ​ယာဥ်တွေ အသုံးပြုကာ လေကြောင်းကနေ တိုက်ခိုက်ဖျက်ဆီးနေတဲ့ လုပ်ရပ်တွေကို အပြင်းအထန် ကန့်ကွက်ရှုတ်ချ​ကြောင်း PHN Kalay က ထုတ်ပြန်ကြေညာပါတယ်။

ကလေးမြို့နယ်အတွင်းမှာ အခု ဖေဖော်ဝါရီ လဝက်အတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ၂၀ နီးပါး သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့လည်း ကလေးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ကလေးမြို့နယ် ပအဖ) ဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013