DVB Logo
Home
နိုင်ငံတကာ
ဘာသာရေးပွဲတော် ကျင်းပသည့်နေရာ၌ ရေညစ်ညမ်းမှုမရှိဟု အူတာပရာဒေ့ရှ် ဝန်ကြီးချုပ်ပြော
DVB
·
February 21, 2025
ဘာသာရေးပွဲတော် ကျင်းပသည့်နေရာ၌ ရေညစ်ညမ်းမှုမရှိဟု အူတာပရာဒေ့ရှ် ဝန်ကြီးချုပ်ပြော
Donate to DVB

အိန္ဒိယနိုင်ငံ၊ အူတာပရာဒေ့ရှ်ပြည်နယ် ဝန်ကြီးချုပ် ယိုဂီအာဒစ်တရာနတ်က ကွန့်မ်မေလာ ဘာသာရေး ပွဲတော်အတွင်း အဓိကဝတ်ပြုရေချိုးရာ မြစ်ဆုံ နေရာတခုမှာ ရေထု ညစ်ညမ်းမှုအခြေအနေ အလွန်မြင့်မားနေတယ်ဆိုတဲ့ အစီရင်ခံစာကို ပယ်ချလိုက်ပါတယ်။

ဟိန္ဒူဘာသာဝင်တွေ အထွတ်အမြတ်ထားတဲ့ ဂင်္ဂါ၊ ယမုံနာနဲ့ သူရဿတီ မြစ်ကြီး ၃ စင်းဆုံရာ အရပ်က ရေကို ချိုးဖို့အတွက်သာမက ဓလေ့ထုံးတမ်းအတိုင်း သောက်သုံးဖို့အတွက်ပါ ဘေးကင်းတယ်ဆိုပြီး ပြည်နယ်ဝန်ကြီးချုပ်က အခိုင်အမာ ပြောဆိုခဲ့တာပါ။

ဆန်ဂမ်မြစ်ဆုံနေရာက ရေအရည်အသွေးကို စစ်ဆေးကြည့်တဲ့အခါ မသန့်စင်ရသေးတဲ့ မိလ္လာရေတွေ အပါအဝင် လူနဲ့တိရစ္ဆာန် မစင်တွေရဲ့ ဘက်တီးရီးယားတွေဟာ အန္တရာယ်ရှိတဲ့အဆင့်အထိ ပါဝင်နေတာကြောင့် ရေချိုးဖို့မသင့်တော်ဘူးလို့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

အဲဒီနောက် ပရိုင်ယာဂရာ့ချ်မြို့ရဲ့ ဆန်ဂမ် မြစ်ဆုံနေရာမှာ လူပေါင်း ၅၆၅ သန်းကျော် ရေချိုးသန့်စင်ခဲ့ပြီး ဖြစ်တယ်လို့လည်း အာဏာပိုင်တွေက အတည်ပြုပါတယ်။

ဇန်နဝါရီ ၁၃ ရက်က စတင်ခဲ့တဲ့ ကမ္ဘာ့အကြီးမားဆုံး ဘာသာရေးပွဲတော်ကို ဖေဖော်ဝါရီ ၂၆ ရက်အထိ ၆ ပတ်ကြာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

အခုလ အစောပိုင်းမှာ အိန္ဒိယဗဟိုအစိုးရလက်အောက်ခံ ညစ်ညမ်းမှုထိန်းချုပ်ရေးဘုတ်အဖွဲ့က ဂင်္ဂါနဲ့ ယမုံနာမြစ်အတွင်း ကိုလီဖောမ်ပိုး (Coliform) ပါ၀င်နှုန်း မြင့်မားနေတယ်ဆိုပြီး အစီရင်ခံစာ တင်ပြခဲ့တာ ဖြစ်ပါတယ်။

အခုလိုမျိုး ရေထဲမှာ မသန့်စင်ရသေးတဲ့ မိလ္လာအညစ်အကြေးနဲ့ ကျင်ကြီးကျင်ငယ်ထဲက ဘက်တီးရီးယားကို ကိုလီဖောမ် ပမာဏနဲ့ တိုင်းတာရတာ ဖြစ်ပါတယ်။

ဒါကြောင့် ကိုလီဖောမ် ပါဝင်နှုန်းဟာ လက်သင့်ခံနိုင်တဲ့ ပမာဏထက် ဂင်္ဂါမြစ်မှာ အဆ ၁,၄၀၀ နဲ့ ယမုံနာမြစ်မှာ အဆ ၆၆၀ အထိ ပိုမိုများပြားနေတာ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း အာဒစ်တရာနတ် ကတော့ ပြည်နယ်အစိုးရဟာ မြစ်အရည်အသွေးကို စဉ်ဆက်မပြတ် စောင့်ကြည့်လျက်ရှိပြီး ပွဲတော်ပုံရိပ်ကျဆင်းအောင် အတိုက်အခံတွေရဲ့ “သတင်းအမှားနဲ့ လှုံ့ဆော်မှု” သာဖြစ်တယ်လို့ ပြောသွားပါတယ်။

လက်ရှိပွဲတော်ကာလအတွင်း လူအုပ်နင်းခံရမှုကြောင့် ဘုရားဖူး ၃၀ ထက်မနည်း သေဆုံးခဲ့ရသလို နယူးဒေလီ ဘူတာရုံမှာလည်း သေဆုံးသူ ၁၈ ယောက်အထိ ရှိခဲ့တဲ့အတွက် ပြည်နယ်အစိုးရအပေါ်  ဝေဖန်မှုတွေ မြင့်တက်လာပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013