DVB Logo
Home
မြန်မာသတင်း
လေထုညစ်ညမ်းမှုက ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်နိုင်သဖြင့် ကလေးများ ပိုမိုဂရုစိုက်ရန်လို
DVB
·
February 20, 2025
လေထုညစ်ညမ်းမှုက ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်နိုင်သဖြင့် ကလေးများ ပိုမိုဂရုစိုက်ရန်လို
Donate to DVB

ရန်ကုန်မှာ လေထုညစ်ညမ်းမှု မြင့်မားနေတဲ့အတွက် ကလေးငယ်တွေရဲ့ ကျန်းမာရေးကို စိုးစိုးရွားရွား ထိခိုက်နိုင်ပြီး ဂရုပြုနေထိုင်ကြဖို့ ကလေးကျန်းမာရေးဆရာဝန်တွေက  သတိပေးလိုက်ပါတယ်။ 

မြန်မာနိုင်ငံမှာ လေထုညစ်ညမ်းမှုမြင့်မားပြီး သေးငယ်တဲ့အမှုန် PM 2.5  ပါဝင်တဲ့ ဖုန်မှုန့်တွေ များနေတဲ့အတွက် ကလေးသူငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေမှာ ကျန်းမာရေး ဆိုးဆိုးဝါး ဝါးထိခိုက်လာနိုင်လို့ ဂရုတစိုက် နေထိုင်ကြဖို့ ကလေးကျန်းမာရေး ဆရာဝန်က သတိပေးလိုက် ပါတယ်။

ဖေဖော်ဝါရီ ၂၀ ရက်မှာ ရန်ကုန်ရဲ့ လေထုညစ်ညမ်းမှုအဆင့်က မနက်ပိုင်းမှာ အဆိုးဆုံးအဆင့် ၇ နဲ့ အနီရောင်မှာ ရှိနေခဲ့ပြီး မနက် ၁၁ နာရီလောက်မှာတော့ အဆင့် ၂၃ ကိုကျဆင်းခဲ့ပေမဲ့ ကျန်းမာရေးကို ထိခိုက်နိုင်တဲ့ လိမ္မော်ရောင်မှာ ရှိနေဆဲ ဖြစ်ပါတယ်။

ဒီလိုညစ်ညမ်းတဲ့ လေကိုရှုသွင်းမိတဲ့အခါ အသက်ရှုလမ်းကြောင်း အဆုတ်နဲ့ နှလုံးရောဂါတွေ အဓိက ဖြစ်ပွားနိုင်ကြောင်း CDM  ကလေးအထူးကုဆရာဝန်တယောက်က သတိပေးပါတယ်၊

“ဒီအမှုန်တွေကို ရှူမိရင် မြန်မာနိုင်ငံမှာမှ မဟုတ်ဘူး ဘယ်နိုင်ငံမှာမဆို အသက်ရှုလမ်းကြောင်းနဲ့ဆိုင်တဲ့ နှလုံးနဲ့ ဆိုင်တဲ့ပြဿနာတွေ ဖြစ်နိုင်ခြေရှိတာပေါ့၊ ဒီလိုမျိုးဖြစ်နိုင်တဲ့ အထဲမှာမှ လူကြီးတွေထက်ကလေးတွေက ပိုပြီး ခံစားရနိုင်ခြေများတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ အဆုတ်နဲ့ နှလုံးတွေက လုံးဝပြည့်စုံအောင် မဖွံ့ဖြိုးသေးတာတွေရှိတယ်။ လူကြီးထက် နုနယ်တာ ခံနိုင်ရည်နည်းတာ တွေရှိတယ်။ အဓိက အဲဒီအချက်တွေကြောင့်ပေါ့။ အဲဒီထဲမှာမှ ခွဲကြည့်မယ်ဆိုရင် နှစ်မျိုးရှိတယ်ပေါ့။ နေကောင်းတဲ့ ကလေးတွေနဲ့ နေမကောင်းတဲ့ ရောဂါအခံရှိတဲ့ ကလေးတွေပေါ့။ နေကောင်းတဲ့ ကလေးတွေမှာတောင် ဒီလို လေထုညစ်ညမ်းတာကို ရှူမိတာများရင် အသက်ရှူလမ်းကြောင်းပိုးဝင်နိုင်ခြေ ပိုမြင့်တာတွေ နှာစေး ချောင်းဆိုး ပိုဖြစ်တာတွေ များတာပေါ့။”

PM 2.5 ပါဝင်နေတဲ့လေထုက ကလေးတွေရဲ့ ကြီးထွားနေတဲ့ အဆုတ်ထဲကို ဝင်ရောက်နိုင်ပြီး ပျက်စီးစေနိုင်ကာ ဖော်ပြပါ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေနဲ့ ရေရှည်ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်တယ်လို့ ယူနီဆက်မြန်မာက သတိပေးထုတ်ပြန်ထားပါတယ်။

ထိခိုက်လွယ်တဲ့ အုပ်စုတွေထဲပါတဲ့ ကလေးသူငယ်တွေကို အဓိက ဂရုစိုက်ဖို့ လိုအပ်ပြီး ရောဂါအခံရှိတဲ့ ကလေးသူငယ်တွေကိုတော့ ညစ်ညမ်းတဲ့ လေထုကို လုံးဝမရှုမိအောင် ဂရုစိုက်သင့်ကြောင်း CDM ကလေးအထူးကုဆရာဝန် တယောက်က အကြံပြုပါတယ်။

“ကလေးတွေမှာမှ ပန်းနာရင်ကြပ်ကလေးတွေ အဆုတ်မကောင်း နှလုံးမကောင်းတဲ့ကလေးတွေဆို သူတို့ရဲ့ ရောဂါတွေကို ပိုဆိုးနိုင်တယ်။ ခဏတာဖြစ်တာမဟုတ်ဘဲ ရေရှည် ခံစားရတာဆို အဆုတ်ဖွံ့ဖြိုးမှု၊ နှလုံးဖွံ့ဖြိုးမှုတွေကို ထိခိုက်စေတာတွေ နောက်ဆုံးမှာ ဉာဏ်ရည်ထိသွား ထိခိုက်တာမျိုးတွေ ရှိတယ်ဆိုတဲ့ သုတေသနတွေလည်းရှိတော့ တော်တော်လေး အန္တရာယ်များပြီးတော့ သတိထားရမယ့် အချက်တွေပေါ့။ လေထုညစ်ညမ်းတဲ့အတွက် ဒီလေထုကို ရှောင်နိုင်ဖို့ လိုတာပေါ့။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ လူနေမှုအဆင့်အတန်းနဲ့ စီးပွားရေး အခြေအနေအရဆိုရင် ခက်ခဲတာတွေ အများကြီးရှိတာပေါ့၊  မဖြစ်မနေ အပြင်သွားမယ်ဆိုရင် ကလေးတွေကို Mask ကောင်းတာတွေ တပ်ပေးဖို့လိုတယ်။ အိမ်ထဲမှာ နေရင်လည်း ဒီအမှုန်တွေရဲ့ဒဏ်ကို တတ်နိုင်သလောက် ကင်းအောင် အိမ်ကို သန့်ရှင်းအောင်ထားဖို့လိုတယ်။ ကလေးတွေရဲ့ တကိုယ်ရည်သန့်ရှင်းရေးလည်း ကောင်းဖို့ လိုတယ်။ အာဟာရရှိတာတွေ စားရမယ်။ ရောဂါပိုးဝင်လာနိုင်ခြေရှိတာကို ခံနိုင်အောင်၊ ပြီးရင် ရေများများ သောက်ရမယ်။”

ယူနီဆက်က ထုတ်ပြန်တဲ့ လေထုကို ညစ်ညမ်းစေတဲ့အရာတွေကတော့ အိမ်တွင်း လေထုညစ်ညမ်းမှုအပါအဝင် ယာဉ်တွေနဲ့ စွန့်ပစ်ပစ္စည်းတွေ၊ လေထုညစ်ညမ်းမှုနဲ့ စက်မှုလုပ်ငန်းတွေ၊တောမီးနဲ့ ဆေးလိပ်မီးခိုးတွေအပြင် သဲနဲ့ဖုန်မှုန့်မုန်တိုင်းတွေကြောင့် ဖြစ်တယ်လို့ ဆိုထားပါတယ်။

ရန်ကုန်မှာ ဖေဖော်ဝါရီလ အစပိုင်းကတည်းက လေထုညစ်ညမ်းမှုက အဆိုးဆုံးအဆင့်တွေမှာ ဆက်တိုက်ရှိနေခဲ့တာဖြစ်ပြီး ဖေဖော်ဝါရီ ၃ ရက်ကဆိုရင် AQi အညွှန်းကိန်း ၂၂၆ နဲ့ ကမ္ဘာ့ လေထုညစ်ညမ်းမှု အဆိုးဆုံး ဒုတိယနေရာမှာ ရှိခဲ့ပါတယ်။

ဝေဝေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013