
စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ မှတ်တိုင်ကျေးရွာနဲ့ ချောင်းဝကျေးရွာကြားကို စစ်အာဏာရှင်တပ်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ အမျိုးသမီးတယောက် သေဆုံးပြီး ၂ ယောက် ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကို ဩဂုတ် ၂၀ ရက် မနက် ၉ နာရီ မိနစ် ၄၀ မှာ အကြောင်းမဲ့ ဗုံးကြဲ တိုက်ခိုက်သွားတာလို့လည်း သိရပါတယ်။
ဒေသခံ ရွာသားတယောက်က “လေကြောင်းကနေပဲ အရပ်သားတွေကို နေ့စဉ်နဲ့အမျှ သတ်နေတာ။ အခုလည်း ဘာတိုက်ပွဲမှ မဖြစ်ဘဲ အကြောင်းမဲ့ လာကြဲချသွားတာ။ အဲလိုကြဲချလို့ ပြည်သူ အမျိုးသမီး တဦး သေဆုံးပြီး အမျိုးသားတဦး၊ အမျိုးသမီးတဦး ဒဏ်ရာရခဲ့တယ်ဗျ။ အိမ်တလုံး လည်း ပျက်စီးတယ်ဗျ” လို့ ပြောပါတယ်။
စစ်အာဏာရှင်တပ်ဟာ ကသာမြို့နယ်အပြင် စစ်ကိုင်းတိုင်းအတွင်းက မြို့နယ်အများစုကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ နေ့စဉ် ပြုလုပ်တာကြောင့် အရပ်သား သေဆုံးတာတွေ လည်း ရှိနေပါတယ်။
ကသာမြို့နယ်ပကဖ တာဝန်ရှိသူ အမျိုးသမီးတယောက်က “ဂျက်ဖိုက်တာနဲ့ တမနက်ခင်းလုံးပတ်ပြီး ဒီနေရာကို ဗုံးကြဲချသွားတာ နေ့လယ်ခင်းကနေ ညနေပိုင်းအထိ၊ အခုလည်း Y12 လေယာဉ်နဲ့ ပတ်နေတယ်။ ပြည်သူတွေ အကုန်ကြောက်လန့်ပြီး ပုန်းနေကြရတယ်။ ဘာကြောင့် အခုလို ဗုံးကြဲ ချတာလဲဆိုတော့ စစ်တပ်ရဲ့ သတင်းပေး သုံ့ပန်းတွေ ထွက်ပြေးတာကြောင့် အခုလို စစ်တပ်က ဗုံးပတ်ကြဲနေတာလို့ပဲ ထင်ပါတယ်” လို့ ပြောပါတယ်။
စစ်တပ်က ဩဂုတ် ၇ ရက်ကလည်း ကသာမြို့နယ် ဝင်္ဂရကျေးရွာကို အခုလို လေယာဉ်ဗုံးကြဲ တိုက်ခိုက်လို့ ပြည်သူ ၂ ယောက်နဲ့ ကျွဲ နွားတွေ သေဆုံးပြီး စာသင်ကျောင်းနဲ့ လူနေအိမ်တွေလည်း ပျက်စီးခဲ့ပါတယ်။











