
စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းဖို့အတွက် ချင်းပြည်နဲ့ ပြည်ထောင်စုတခုလုံးက တော်လှန်ရေး အင်အားစုတွေနဲ့ ပူးပေါင်း တိုက်ပွဲဝင်သွားမယ်လို့ ချင်းအမျိုးသားတပ်ဦး (CNF)က ထုတ်ပြန် ပါတယ်။
၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်နေ့ ကျရောက်တဲ့ ၇၇ နှစ်မြောက် ချင်းအမျိုးသားနေ့မှာတော့ ချင်းအမျိုးသားတပ်ဦး (CNF)၊ အရှိုချင်းကာကွယ်ရေးတပ် (ACDF)၊ နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့က ကြေညာချက်အသီးသီး ထုတ်ပြန်ခဲ့ကြပါတယ်။
ချင်းအမျိုးသားတပ်ဦး (CNF) ရဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီရဲ့ ထုတ်ပြန်ချက်မှာတော့ CNF အနေနဲ့ စစ်ကောင်စီရဲ့ နိုင်ငံရေးလှည့်ကွက်တွေနဲ့ အကြမ်းဖက်မှုတွေကို သတိထားဖို့ တိုက်တွန်းပါတယ်။
ဒါ့အပြင် အတိတ်ကာလရဲ့ နိုင်ငံရေးဆုံးရှုံးမှုတွေကို သင်ခန်းစာယူပြီး အနာဂတ်မျိုးဆက်သစ်တွေ အာဏာရှင်စနစ်ရဲ့ ဆိုးကျိုးတွေ မခံစားရစေဖို့ တာဝန်ယူပြီး လူမျိုးစွဲ၊ ဒေသစွဲ၊ အစုအဖွဲ့စွဲတွေကို ကျော်လွှားကာ တော်လှန်ရေး အင်အားစုတွေအကြား ယုံကြည်မှုတည်ဆောက်ပြီး အတူတကွ တိုက်ပွဲဝင်သွားကြဖို့ကိုလည်း တိုက်တွန်းခဲ့ပါတယ်။
အရှိုချင်းကာကွယ်ရေးတပ် (ACDF) ကတော့ တနိုင်ငံလုံးအတိုင်းအတာနဲ့ ဆင်နွှဲနေတဲ့ တော်လှန်ရေးမှာ အရှိုချင်းအမျိုးသားတွေကို ကိုယ်စားပြုပြီး EAOs တွေ၊ NUG နဲ့ ဒေသန္တရ မဟာမိတ်တွေနဲ့ ပူးပေါင်းပြီးတော့ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ် ချေမှုန်းဖို့ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ဒါ့အပြင် ချင်းအမျိုးသားနေ့အခမ်းအနားတွေဟာ အနှစ်သာရပြည့်စုံဖို့ လိုအပ်ကြောင်း၊ ချင်းအမျိုးသားရေးအတွက် မျိုးနွယ်စုနဲ့ ဒေသအဆင့်ကို ကျော်လွှားပြီး တလုံးတဝတည်း ဖြစ်စေကြဖို့ကိုလည်း တိုက်တွန်းခဲ့ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ ၇၇ နှစ်မြေက် ချင်းအမျိုးသားနေ့အတွက် ချင်းပြည်သူတွေနဲ့ ချင်းတိုင်းရင်းသား တော်လှန်ရေး မဟာမိတ်တွေကို ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ခဲ့တာပါ။
NUG အနေနဲ့ ချင်းတိုင်းရင်းသားတွေရဲ့ လွတ်လပ်ရေးတိုက်ပွဲသမိုင်းနဲ့ ဒီကနေ့ စစ်အာဏာရှင် ဆန့်ကျင် တော်လှန်ရေးတွေမှာ ပြုလုပ်နေတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ဂုဏ်ပြုကြောင်းနဲ့ ချင်းဒေသအတွက် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ် တည်ဆောက်ရေးတွေမှာလည်း မဟာမိတ်တွေနဲ့ ဆက်လက် ပူးပေါင်းသွားမယ်လို့ ကတိပြုကြောင်း ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။










