
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ ဖေဖော်ဝါရီ ၂ ပတ်အတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၂၀ နီးပါး သေဆုံးကာ ဒဏ်ရာရသူ အများအပြား ရှိခဲ့တယ်လို့ ကလေးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ကလေးမြို့နယ် ပအဖ) ဆီကနေ သိရပါတယ်။
ကလေးမြို့နယ် ပအဖရဲ့ လူသားစာနာတာဝန်ခံက “လေကြောင်းတိုက်ခိုက်ခံရမှု အများဆုံးက ကလေးတောင်ပိုင်းမှာရှိတဲ့ ကျေးရွာတွေပါ။ အဲဒီထဲကမှ ဒိုးနွယ်ရွာ၊ ကုက္ကိုလ်ရွာ၊ ကျော်ရွာ၊ သံဖိုရွာနဲ့ တင်သားရွာတွေက ပြည်သူတွေနဲ့ ပြည်သူပိုင်ပစ္စည်းတွေ အများဆုံး ထိခိုက်ပျက်စီး သေဆုံးခဲ့ကြရပါတယ်။ ၂ ပတ်အတွင်း လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကလေးသူငယ်တွေ အပါအဝင် CDM ဝန်ထမ်းတွေနဲ့ ပြည်သူတွေ သေဆုံးသူ ၂၀ နီးပါးရှိပြီး ဒဏ်ရာရသူက ၄၀ နဲ့ ၅၀ ကြားမှာ ရှိပါတယ်။ လူနေအိမ်တွေ၊ စာသင်ကျောင်းတွေနဲ့ ဘုန်းကြီးကျောင်းတွေလည်း ပျက်စီးခဲ့ပါတယ်။ အိမ်မွေးတိရစ္ဆာန်တွေလည်း သေဆုံးခဲ့ပါသေးတယ်” လို့ ပြောပါတယ်။
ကလေးမြို့နယ်တောင်ပိုင်းမှာရှိတဲ့ အဆိုပါကျေးရွာတွေနဲ့ အနီးဝန်းကျင်က ကျေးရွာတွေကို ဖေဖော်ဝါရီ ၁ ရက်ကနေ ၁၄ ရက်အထိ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာတွေ အပါအဝင် ဘက်စုံသုံး လေယာဥ်တွေနဲ့ပါ ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ကလေးမြို့နယ်တောင်ပိုင်းမှာ ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေပြီး နှစ်ဖက် အကျအဆုံးတွေရှိကာ တော်လှန်ရေးအင်အားစုတွေဘက်က စစ်ကောင်စီတပ်စခန်း ၄ ခုထက်မနည်း သိမ်းပိုက်ရရှိခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ကို အရှင်ဖမ်းဆီးရမိသလို လက်နက်ခဲယမ်း အများအပြားကိုလည်း သိမ်းဆည်းရရှိတယ်လို့ စစ်ကိုင်းတိုင်းအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။
စစ်ကိုင်းတိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ခံက “မြေပြင်တိုက်ပွဲတွေမှာ အထိနာနေတဲ့ စစ်တပ်က စစ်ရေးနဲ့မသက်ဆိုင်တဲ့ ကျေးရွာတွေကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေပြီး စစ်ရာဇဝတ်မှုတွေကို ကျူးလွန်နေတာ” လို့ DVB ကို ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ဖေဖော်ဝါရီ ၁၉ ရက် မနက်ပိုင်းကလည်း ကလေးမြို့တောင်ပိုင်းက ဒိုးနွယ်ကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အသက် ၆၀ ကျော် အမျိုးသားတယောက် ဗုံးစထိမှန် သေဆုံးခဲ့ပြီး ကလေးငယ်နဲ့ အမျိုးသမီးတွေ အပါအဝင် ၇ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သေးတယ်လို့လည်း သူက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၁ ရက်မှာ ကလေးမြို့နယ်တောင်ပိုင်းက ကုက္ကိုလ်ကျေးရွာကိုလည်း စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခဲ့လို့ ကလေးငယ် ၃ ယောက် အပါအဝင် ပြည်သူ ၁၁ ယောက် သေဆုံးခဲ့ပါတယ်။
အဲဒီ လေကြောင်းတိုက်ခိုက်မှုအတွင်း ဒဏ်ရာရသူတွေထဲက ၇ ယောက်ဟာ ဇန်နဝါရီ ၁၄ ရက်မှာ ထပ်မံသေဆုံးခဲ့တဲ့အတွက် ကုက္ကိုလ်ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုမှာ သေဆုံးတဲ့ပြည်သူ ၁၈ ယောက်အထိ ရှိလာပါတယ်။
ဖေဖော်ဝါရီ ၂ ရက်ကလည်း ကလေးမြို့နယ်ထဲက တင်သားကျေးရွာကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အသက် ၅၀ အရွယ် အမျိုးသားတယောက် ထပ်မံသေဆုံးခဲ့ရသေးတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ ကလေးမြို့နယ်ထဲကို လေကြောင်းနဲ့ လက်နက်ကြီးတွေအပြင် မြေပြင်စစ်ကြောင်းကလည်း ကျေးရွာတွေအတွင်း ဝင်ရောက်မီးရှို့ ဖျက်ဆီးနေကြတဲ့အတွက် ဒေသခံပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့ မြေပြင်စစ်ကြောင်းတွေနဲ့ လေကြောင်းရန်တွေကို သတိထား နေထိုင်ကြဖို့လည်း တော်လှန်ရေးအဖွဲ့တွေက သတိပေး တိုက်တွန်းထားတယ်လို့ သိရပါတယ်။
အခုရက်ပိုင်း ကလေးမြို့တောင်ပိုင်းမှာရှိတဲ့ ကလေး-ဂန့်ဂေါ ကားလမ်းဘေးက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက လေယာဉ်တွေနဲ့ အဆက်မပြတ် ဗုံးကြဲပစ်ခတ်တိုက်ခိုက်နေတာကြောင့် ဒေသခံပြည်သူ ထောင်ချီပြီး စစ်ဘေးရှောင်နေကြရတယ်လို့လည်း ကလေးမြို့နယ်ထဲက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက်က ဆိုပါတယ်။
ကလေးမြို့နယ်မှာ စစ်တပ်က အာဏာသိမ်းချိန်ကစလို့ ၄ နှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှုတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် အရပ်သား ပြည်သူ ၃၅၀ ကျော် သေဆုံးခဲ့ရကာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် လူနေအိမ် ၆,၀၀၀ ကျော် မီးလောင်ပျက်စီးခဲ့ပြီး စစ်ဘေးတိမ်းရှောင်နေရသူ ၃၀,၀၀၀ ကျော်ရှိတယ်လို့ ကလေးမြို့ လူထုတိုက်ပွဲ ဦးဆောင်ကော်မတီက ဖေဖော်ဝါရီ ၁၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။