DVB Logo
Home
နိုင်ငံတကာ
အမေရိကန်နှင့် ဟူသီတို့က သင်္ဘောများကို သီးခြားစီတိုက်ခိုက်၊ ဟော်မုဇ် ဆက်ပိတ်မည်
DVB
·
August 12, 2026
Photo: Reuters
Photo: Reuters
Donate to DVB

အမေရိကန်နဲ့ အီရန်မဟာမိတ် ယီမင်ဟူသီအဖွဲ့တို့ဟာ ဩဂုတ် ၁၁ ရက်က သင်္ဘောတွေကို သီးခြားစီ တိုက်ခိုက်ခဲ့ကြလို့ အီရန်စစ်ပွဲ အဆုံးသတ်ရေး အလားအလာ ပိုမှေးမှိန်လာပါတယ်။

အီရန်ကလည်း သူတို့ရဲ့ သတ်မှတ်ချက်တွေကို အမေရိကန်က လက်မခံမချင်း ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်မှာ မဟုတ်ဘူးလို့ ပြောထားပါတယ်။

ပင်လယ်နီဝင်ပေါက် ဘာဘ်အယ်လ်မန်ဒက် ရေလက်ကြားမှာ ဟူသီတွေရဲ့ တိုက်ခိုက်မှုလို့ ယူဆရတဲ့ ဖြစ်စဉ်ကြောင့် အီဂျစ်ပိုင် Tihamah ကုန်တင်သင်္ဘောပေါ်က သင်္ဘောသား ၄ ယောက် သေဆုံးခဲ့ပါတယ်။

ကယ်ဆယ်ရေးလုပ်နေတဲ့ ယီမင်နိုင်ငံသား ၂ ယောက်လည်း သေဆုံးခဲ့ပြီး ဒါဟာ အီရန်စစ်ပွဲ စတင်ကတည်းက ဟူသီတွေရဲ့ သင်္ဘောတိုက်ခိုက်မှုကြောင့် ပထမဆုံး လူသေဆုံးမှု ဖြစ်လာပါတယ်။

တချိန်တည်းမှာပဲ အမေရိကန်ရေတပ် MH-60 ရဟတ်ယာဉ်က ပနားမားအလံတင် ကုန်တင်သင်္ဘောတစင်းကို Hellfire ဒုံးကျည် ၂ စင်းနဲ့ ပစ်ခတ်ပြီး မောင်းနှင်မှုစနစ်ကို ဖျက်ဆီးခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုဟာ  ပါကစ္စတန်ကမ်းလွန်မှာ အိုမန်ပင်လယ်ကွေ့ဘက်ကို ဝင်ရောက်လာစဉ် ဖြစ်ခဲ့တာလို့ ရေကြောင်းသတင်းရင်းမြစ်တွေက ရိုက်တာကို ပြောပါတယ်။

အဲဒီသင်္ဘောဟာ အီရန်ဆိပ်ကမ်းတွေကို ပိတ်ဆို့ထားတဲ့ အမေရိကန်ရဲ့ အမိန့်ကို ချိုးဖောက်ပြီး ရပ်တန့်ဖို့ သတိပေးချက်တွေကို မလိုက်နာခဲ့ဘူးလို့ အမေရိကန်အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က ပြောပါတယ်။

အီရန် အမျိုးသားလုံခြုံရေး အကြီးတန်းတာဝန်ရှိသူ မိုဆန်ရီဇာအီက “အမေရိကန်က သူ့ရဲ့ အပြုအမူကို မပြောင်းဘဲ အီရန်ရဲ့ သတ်မှတ်ချက်တွေကို လက်မခံသရွေ့ ဟော်မုဇ်ရေလက်ကြားကို ဖွင့်ပေးမှာ မဟုတ်ပါဘူး” လို့ ပြောပါတယ်။

ထိန်းသိမ်းခံထားရတဲ့ အီရန်ပိုင်ဆိုင်မှုတွေ ပြန်ပေးဖို့နဲ့ လက်ဘနွန်၊ ဂါဇာ အပါအဝင် ဒေသတွင်းပဋိပက္ခတွေ အဆုံးသတ်ဖို့ကိုလည်း  ရီဇာအီက တောင်းဆိုထားပါတယ်။

စစ်ပွဲ အမြန်ဆုံးပြီးဆုံးနိုင်မဲ့ မျှော်လင့်ချက်တွေ လျော့နည်းလာတာနဲ့အမျှ ကမ္ဘာ့ရေနံစိမ်းစျေးနှုန်းတွေလည်း မြင့်တက်လာပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013