
ကနေဒါနိုင်ငံ၊ တိုရွန်တိုမြို့၊ ပီရာဆန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ဒယ်လ်တာ လေကြောင်းလိုင်းက ခရီးသည်တင်လေယာဉ်တစင်းဟာ နှင်းမုန်တိုင်းကြောင့် လေထန်နေချိန် ဆင်းသက်ခဲ့ရာ မတော်တဆမှုဖြစ်ပြီး ပက်လက်လန်သွားခဲ့ပါတယ်။
ဒေသစံတော်ချိန် ဖေဖော်ဝါရီ ၁၇ ရက်၊ မွန်းလွဲ ၂ နာရီကျော်မှာ ဖြစ်ပွားခဲ့တဲ့ မတော်တဆမှုကြောင့် လေယာဉ်ပေါ်လိုက်ပါလာသူ အယောက် ၈၀ အနက် ၁၈ ယောက် ဒဏ်ရာရခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒဏ်ရာရသူတွေထဲက ကလေးတယောက် အပါအဝင် ၃ ယောက် စိုးရိမ်ရတယ်လို့ သိရပါတယ်။
CRJ900 လေယာဉ်မှာ ခရီးသည် ၇၆ ယောက်၊ အမှုထမ်း ၄ ယောက် လိုက်ပါလာတာဖြစ်တယ်လို့ အမေရိကန်လေကြောင်းလိုင်း ဒယ်လ်တာက အတည်ပြုပါတယ်။
သက်တမ်း ၁၆ နှစ်ရှိပြီဖြစ်တဲ့ ဒီလေယာဉ်ကို ကနေဒါ Bombardier ကုမ္ပဏီက ထုတ်လုပ်တာဖြစ်ပြီး GE Aerospace အင်ဂျင်တပ်ထားကာ ခရီးသည် ၉၀ အထိ တင်ဆောင်နိုင်ပါတယ်။
မတော်တဆဖြစ်ရတဲ့ အကြောင်းရင်းကိုတော့ စုံစမ်းနေဆဲဖြစ်ပါတယ်။ နှင်းဖုံးနေတဲ့ ပြေးလမ်းပေါ်မှာ ပက်လက်လန်နေတဲ့ လေယာဉ်ကို မီးသတ်စက်နဲ့ ရေဖျန်းနေတဲ့ ဗီဒီယိုကို ခရီးသည်တယောက်ဖြစ်တဲ့ ဂျွန်နယ်လ်ဆင်က အခင်းဖြစ်အပြီး သူ့ဖေ့စ်ဘွတ်ခ်ပေါ်မှာ တင်ခဲ့ပါတယ်။
“ကျနော်တို့ မြေပြင်ပေါ်ရောက်ပြီးတော့ ဘေးကိုစောင်းသွားတယ်၊ ပြီးတော့ ပက်လက်လန်သွားတာပါပဲ” လို့ နယ်လ်ဆင်က CNN သတင်းဌာနကို ပြောပါတယ်။
“ကျနော်က ခါးပတ်ချွတ်လိုက်နိုင်တော့ လျှောကျပြီးတော့ အောက်ရောက်သွားတာပေါ့။ တချို့တွေကျတော့ တွဲလောင်းကြီးဖြစ်နေတာ၊ ဆင်းလို့ရအောင် တခြားသူတွေက ကူပေးရတယ်။ တချို့ကျတော့လည်း သူတို့ဘာသာ ဆင်းနိုင်ခဲ့ပါတယ်” လို့ နယ်လ်ဆင်က ပြန်ပြောပြပါတယ်။
လေယာဉ်မတော်တဆမှုကြောင့် လေယာဉ်ခရီးစဉ်တွေ ဖျက်သိမ်းတာနဲ့ နောက်ကျတာတွေ ဖြစ်ခဲ့ရပြီး နောက်ပိုင်းမှာတော့ လေယာဉ် တချို့ ပြန်လည်ပြေးဆွဲနေပါတယ်။
Source : Reuters