
ရန်ကုန်၊ တောင်ဥက္ကလာပမြို့နယ်က ငွေကြာရံစာသင်တိုက်မှာ အုပ်စုဖွဲ့ဖုန်းခိုးသူတွေထဲက တယောက်ကို ဖေဖော်ဝါရီ ၁၆ ရက် ဒီနေ့မနက် ၅ နာရီကျော်က ကျောင်းမှာနေထိုင်သူတွေကိုယ်တိုင် ဖမ်းမိခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
ယာဉ်အမှတ် YGN 13 BB- 3247 အမည်းရောင် ပရိုဘောက်နဲ့ အမျိုးသား ၄ ယောက်ဟာ ကျောင်းနေသံဃာတွေ အရုဏ်ဆွမ်းခံကြွချိန်မှာ ကျောင်းထဲဝင်ပြီး ဖုန်းနဲ့ ငွေသားတွေကို ဝင်ရောက်ခိုးယူတာ ဖြစ်ပါတယ်။
သူခိုး ၄ ယောက်ကို ကျောင်းမှာနေသူတွေက ဝိုင်းဖမ်းတာမှာ ၃ ယောက်လွတ်မြောက်ပြီး အသက် ၄၀ ဝန်းကျင် အမျိုးသား ၁ ယောက်ကိုတော့ တက်စီကားနဲ့အတူ ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။
ကျောင်းနဲ့နီးစပ်သူတယောက်က “အားလုံး ၄ ယောက်။ ကိုယ်တော်တွေ ဆွမ်းခံကြွနေတုန်း ဝင်ခိုးတာ။ အထာသိနေလို့ ဖြစ်မယ်။ တွေ့တာက ကျောင်းကသူတွေပဲ။ ဝိုင်းဖမ်းတော့ ၁ ဦးက ကျောင်းထောင့်မှာ မိတာ။ ကျန်တဲ့သူတွေက လွတ်သွားတယ်။ ကားနဲ့သံချောင်း ကျန်ခဲ့တယ်”လို့ ပြောပါတယ်။
ကျောင်းတိုက်မုခ်ဦးအဝင်အဝမှာ ၂ ပေလောက်ရှိတဲ့ ဆောက်လုပ်ရေးသုံးသံချောင်းကို ထောင်လျက်ထားတာတွေ့ရပြီး ကျန်သူခိုးတွေကတော့ ကန်ဘဲ့ရထားဘူတာဘက်ကို ထွက်ပြေးသွားတာလို့ သိရပါတယ်။
ဖမ်းမိသူ အမျိုးသား ၁ ယောက်နဲ့ သက်သေခံတက်စီကို မနက် ၇ နာရီကျော်လောက်မှာ တောင်ဥက္ကလာပရဲတပ်ဖွဲ့ဝင်တွေက လာရောက်ခေါ်ဆောင်သွားပြီး ၂၀၂၄ ခုနှစ်တုန်းကလည်း ငွေကြာရံကျောင်းတိုက်နေ သံဃာတွေရဲ့ ဖုန်းပျောက်ဆုံးဖူးတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၄ ရက်၊ ညနေ ၄ နာရီလောက်ကလည်း YBS 61 ပေါ်က ခါးပိုက်နှိုက် ၁ ယောက်ကို ခရီးသည်တွေကိုယ်တိုင် ဖမ်းဆီးပြီး လှိုင်သာယာရဲတပ်ဖွဲ့ဆီကို အပ်နှံပေးခဲ့ကြရပါတယ်။










