DVB Logo
Home
Lead Story
မြန်မာ့လူ့အခွင့်အရေးကော်ရှင် စစ်တပ်ကို စာတစောင်တောင် မပို့နိုင်ဘူး
DVB
·
October 29, 2014
မြန်မာ့လူ့အခွင့်အရေးကော်ရှင် စစ်တပ်ကို စာတစောင်တောင် မပို့နိုင်ဘူး
Donate to DVB

အလွတ်သတင်းထောက် ကိုပါကြီး (ခေါ်) ကိုအောင်ကျော်နိုင် အသတ်ခံရမှုနဲ့ ပတ်သက်ပြီး အာရှလူ့အခွင့်အရေးကော်မရှင်အနေနဲ့ အရေးပေါ်မေတ္တာရပ်ခံစာတစောင်ထုတ်ပြန်ပြီး ကုလမသဂ္ဂလူ့အခွင့်ရေးကော်မရှင် အပါအ၀င် နိုင်ငံတကာ အဖွဲ့အစည်းတွေဆီ ပေးပို့တိုင်ကြားဖို့ ရှိနေပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး ဟောင်ကောင်အခြေစိုက် အာရှ လူ့အခွင့်အရေးကော်မရှင်က ရှေ့နေ ဦးမင်းလွင်ဦးကို ဆက်သွယ်မေးမြန်းထားပါတယ်။

ဦးမင်းလွင်ဦးတို့ အာရှလူ့အခွင့်အရေးကော်မရှင်အနေနဲ့ အလွတ်သတင်းထောက် ကိုပါကြီး အသတ်ခံရတဲ့ကိစ္စ ဘာလုပ်ဖို့ အစီအစဉ်ရှိသလဲ။

[caption id="attachment_14733" align="alignright" width="310"]ဦး​မင်းလွင်ဦး ဦး​မင်းလွင်ဦး[/caption]

“ဟုတ်ကဲ့၊ အာရှလူ့အခွင့်အရေးကော်မ ရှင်အနေနဲ ကိုပါကြီး ခေါ် ကိုအောင်ကျော်နိုင်ကိစ္စနဲ့ ပတ်သက်ပြီး အရေးပေါ်မေတ္တာရပ်ခံစာ ထုတ်ဖို့ရှိပါတယ်။ ဒီမေတ္တာရပ်ခံစာကို ဂျနီဗာမှာရှိတဲ့ လူ့အခွင့်အရေးကော်မရှင်၊ လူ့အခွင့်အရေးကော် မရှင် အောက်မှာ ရှိတဲ့  မတရားဖမ်း ဆီးခြင်း၊ နှိပ်စက်ညှဉ်းပန်းခြင်း၊ ဥပဒေမဲ့ သတ်ဖြတ်ပြီး ဖျောက်ဖျက်ခြင်း စတဲ့ အဖွဲ့အစည်းအသီးသီးကို အရေးပေါ် မေတ္တာရပ်ခံစာအတိုင်း ဆောင်ရွက်ပေးဖို့အတွက် စာတွေ ပေးပို့မှာ ဖြစ်ပါတယ်။ ဂျနီဗာမှာရှိတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကော်မရှင်အနေနဲ့ အရေးပေါ်မေတ္တာရပ်ခံစာပါ ကိစ္စနဲ့ ပတ်သက်ပြီး ဂျနီဗာမှာ ရှိတဲ့ မြန်မာသံအမတ်ထံ ပေးပို့ပြီး စုံစမ်းမေးမြန်းတာတွေ ဖြစ်လာ နိုင်တယ်။ ဒါ့ပြင် ကိုပါကြီး အသတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အဖွဲ့အစည်းက တာဝန်ရှိသူတွေ မြန်မာပြည်သွားတိုင်း မြန်မာတာဝန်ရှိသူတွေ ဘာတွေ လုပ်ထားသလဲ မေးမြန်းမယ်၊ ဖိအားပေးမယ် စတဲ့ကိစ္စရပ်တွေ နောက်ဆက်တွဲ ဖြစ်ပေါ်လာဖို့ ရှိပါတယ်။”

ကိုပါကြီးကိစ္စနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေးအဖွဲ့တွေအနေနဲ့ ဘယ်လောက်ထိ လုပ်ပေးနိုင်မလဲ။

“၂၀၀၈ ဖွဲ့စည်းပုံမှာကတော့ တပ်မတော်နဲ့ဆိုင်တဲ့ကိစ္စရပ်များကို တပ်မတော်ကပဲ ကိုင်တွယ်ဆောင်ရွက်မယ်လို့ ပါပေမယ့် တပ်မတော်အက်ဥပဒေမှာ စစ်ဘက်နယ်ဘက် ဖြစ်ပွားတဲ့ တချို့ကိစ္စရပ်တွေမှာ နယ်ဘက်တရားရုံကို လွှဲပြောင်းစစ်ဆေးရမယ်ဆိုတဲ့ ကိစ္စရပ်တွေ ရှိတယ်။ စစ်ပူနေတဲ့ နေရာတွေမှာ မဟုတ်ဘဲ၊ စစ်ပွဲတွေမရှိတဲ့ မြို့ပေါ်တွေမှာ ဖြစ်ပွားတယ်ဆိုရင် နယ်ဘက်တရားရုံးတွေမှာ စစ်ဆေးစီရင်ဖို့ ဆောင်ရွက်ရတာမျိုး ရှိပါတယ်။ ဒါပေမယ့် အဲ့ဒီလို စစ်ဆေးစီရင်တာမျိုး တခါမှ မတွေ့ရပါဘူး။ ဥပမာ ပြောရရင် စစ်တပ်က ပါဝင်ပတ်သက်ခဲ့တဲ့ ပြည်မြို့၊ န၀ဒေးတံတားအောက်မှာ သေဆုံးခဲ့တဲ့ ဇော်မင်းထွန်းလို အမှုမျိုး၊ တခါ ကချင်ပြည်နယ်အတွင်းမှာ မတရားအသင်းနဲ့ ဆက်သွယ်တယ်ဆိုပြီး ဖမ်းဆီးနှိပ်စက်ခဲ့တာမျိုးတွေမှာ အရေးယူဆောင်ရွက်တာမျိုး မလုပ်ခဲ့ပါဘူး။ ဒါပေမယ့် အခု ကိုပါကြီးကိစ္စမှာတော့ စစ်တပ်ဟာ အလေးအနက်ထားပြီး စဉ်းစားသင့်တယ်၊ အရင်လို ငြိမ်ခံနေတော့မှာ မဟုတ်ဘူး ဆိုတာလည်း သူတို့ သိသင့်တယ်။”

ကိုပါကြီး အသတ်ခံရမှုကို နိုင်ငံတကာတရားရုံးထိ တင်လို့ ရနိုင်မလား။

“ဒီအမှုနဲ့ပတ်သက်ပြီး ပြောရမယ်ဆိုရင် လူသားချင်းစာနာမှု ဥပဒေအရ စစ်ပွဲဖြစ်ပွားရာ ဒေသတွေမှာ စစ်တပ်က လိုက်နာဆောင်ရွက်ရမယ့် နည်းလမ်းတွေ၊ ကျင့်သုံးရမယ့် ဥပဒေတွေ ရှိပါတယ်။ အဲ့ဒါတွေကို လိုက်နာဆောင်ရွက်ခြင်း မပြုဘဲနဲ့  အခုလို လုပ်ဆောင်တာဟာ ကိုပါကြီး တဦးတည်းတင်မကပါဘူး၊ တော်တော်များများကို ရှိပါတယ်။ အဲ့ဒီလို အမှုတွေတိုင်းမှာ စစ်အစိုးရဘက်ကနေပြီး ကျုးလွန်တဲ့သူတွေကို အပြစ်ပေးအရေးယူတာ ခုချိန်အထိ တခါမှ မတွေ့ရသေးဘူး ဖြစ်နေတယ်။

“နိုင်ငံတကာခုံရုံးအထိ တက်ဖို့ဆိုတာ အထောက်အထား အခိုင်အမာ ရဖို့လိုတယ်။ နောက်ပြီးတော့ နယ်စပ်ဒေသမှာ ဖြစ်ပွားတဲ့အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကနေ တိုက်ပွဲအတွင်း အသတ်ခံခဲ့ရတယ်ဆိုတဲ့ အထောက်အထားတွေနဲ့ ပူးတွဲပြီး တင်ပြနိုင်မယ်ဆိုရင်တော့ တင်ပြဖို့ ဖြစ်နိုင်ပါတယ်။”

စောစောကပဲ ကိုပါကြီးအမှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ကို ဆက်သွယ်မေးကြည့်တော့ သူတို့ သတင်းအချက်အလက် စုဆောင်တုန်းလို့ ပြောပါတယ်။ အဲ့ဒီအပေါ် ဘယ်လို သုံးသပ် ပြောချင်လဲ။

“မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ရဲ့ လုပ်ငန်းနဲ့ တာဝန်များ၊ လုပ်ဆောင်ခွင့်များ ဆိုတာတွေ လေ့လာကြည့်တော့ သူက ထောင်တွေကို သွားရောက်လေ့လာကြည့်ရှုတာတွေ ရှိမယ်၊ သတင်းအချက်အလက် ရယူစုဆောင်ပြီး နိုင်ငံတကာ အဖွဲ့အစည်းတွေကို ပြန်လည်တင်ပြမယ်။ ကျနော်တို့ အာရှလူ့အခွင့်အရေးကော်မရှင်က ကုလလူ့အခွင့်အရေးကော်မရှင်ကို တိုင်ကြားပြီး အရေးယူဆောင်ရွက်ဖို့ ပြောမယ်ဆိုရင် မြန်မာလူ့အခွင့်အရေးကော်မရှင်က ဒါတွေ အရေးယူ ဆောင်ရွက်ဖို့ မသင့်ပါဘူး၊ သူတို့အဖွဲ့ ဆောင်ရွက်ပြီးသားလို့ ဆင်ခြေပေးနိုင်အောင် အချက်အလက် စုတဲ့အလုပ်ပဲ လုပ်တယ်ဆိုတာ ကျနော်တို့ အမြဲတမ်း တွေ့ရတယ်။ နောက်ပြီးတော့ အခုလို ထဲထဲဝင်ဝင် လုပ်ဆောင်ရမယ့်ကိစ္စမျိုးဆို သူတို့မှာ ကန့်သတ်ချက်တွေ ရှိတယ်လေ။ စစ်ဆေးစီရင်ဆဲ အမှုများကို ၀င်ရောက်စွက်ဖက်ခြင်းမပြုတို့၊ တရားရုံးက စီရင်ဆုံးဖြတ်ပြီးအမှုတွေကို ၀င်ရောက် စီရင်ခြင်း မပြုဆိုတော့ ဘာမှ လုပ်မရဘဲ အထောက်အထားယူပြီး စုထားတဲ့အဆင့်လောက်ပဲ ဖြစ်နေတယ်။ ထိုင်းမှာ တလောက မြန်မာလူငယ်နှစ်ယောက် လူသတ်မှုနဲ့ စွပ်စွဲဖမ်းဆီးခံရတော့ မြန်မာ့လူ့အခွင့်အရေးကော်မရှင်က ဂျနီဗာကွန်ဗင်းရှင်းပါ အချက်အလက်အတိုင်းလုပ်ဆောင်ဖို့ ထိုင်းကို စာပို့တယ်။ ကိုယ့်နိုင်ငံထဲမှာဖြစ်ပွားတဲ့ ကိစ္စကျတော့၊ ကိုယ့်နိုင်ငံထဲရှိနေတဲ့ စစ်တပ်ကျ ဒီလိုစာမျိုးတစောင်တောင် မပို့နိုင်ဘူးလို့ ကျနော်မြင်ပါတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013