
ရန်ကုန်၊ လှိုင်မြို့နယ် ၁၂ ရပ်ကွက်၊ ဘာဒါမှတ်တိုင်က ဘာဒါဈေး(လှိုင်ရတနာဈေး)ဟာ ဖေဖော်ဝါရီ ၁၆ ရက် ဒီမနက်အစောပိုင်း ၁၂ နာရီ ၁၀ မိနစ်လောက်က မီးလောင်ခဲ့ပြီး တဈေးလုံးနီးပါးက ဆိုင်ခန်းတွေပျက်စီးသွားသလို လူ ၁ ယောက် သေဆုံး၊ ၃ ယောက် ဒဏ်ရာရတယ်လို့ မီးသတ်တပ်ဖွဲ့နဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။
ဘာဒါဈေးနဲ့ လှိုင်မီးသတ်စခန်းက ကပ်လျက်ရှိနေလို့ ဖြစ်ဖြစ်ချင်း လာရောက်ငြှိမ်းသတ်ပေမဲ့ မီးတောက်အားကောင်းနေခဲ့ပြီး ၁၂ နာရီ ၄ မိနစ်မှာ Level 1 အဆင့်ယာဉ်အုပ်စုတွေ ဆင့်ခေါ်ငြှိမ်းသတ်ခဲ့ရပါတယ်။
မီးလောင်အပြီး ၆ မိနစ်ကြာအထိ မီးမထိန်းနိုင်တာကြောင့် မြို့နယ်အစုံက မီးငြှိမ်းသတ်ယာဉ်၊ ရေသယ်ယာဉ်တွေပါဝင်တဲ့ Level 2 အုပ်စုကို ဆင့်ခေါ်ငြှိမ်းသတ်ခဲ့ရပြီး ည ၁ နာရီ ၁ မိနစ်မှာ မီးငြိမ်းသွားပါတယ်။
မီးငြှိမ်းသတ်ခဲ့တဲ့ ကယ်ဆယ်ရေးအဖွဲ့ဝင်တွေရဲ့ ပြောပြချက်အရ မီးလောင်မှုကြောင့် ဈေးအပြင်တန်းကဆိုင်ခန်းတွေကလွဲလို့ အားလုံးပျက်စီးသွားတယ်လို့ သိရပြီး အသက် ၇၀ အရွယ် ဦးဝင်းတင် ဆိုသူ မီးလောင်သေဆုံး၊ အရပ်သားတယောက် ထိခိုက်ဒဏ်ရာရပြီး ကယ်ဆယ်ရေးအဖွဲ့ဝင် ၂ ယောက် ခြေထောက်ထိခိုက် ဒဏ်ရာရရှိခဲ့ပါတယ်။
ကယ်ဆယ်ရေးအဖွဲ့ဝင်တယောက်က “မြင်သလောက် မြို့နယ်မီးသတ်ပေါင်း ၇ ခု၊ အရပ်ဘက်အသင်းပေါင်း ၃၀ နီးပါးလောက်အထိ လာကြတယ်။ တဈေးလုံးနီးပါးပါပဲ လောင်သွားတာ။ ထိခိုက် ၃ ဦး၊ သေဆုံး ၁ ဦးရှိပါတယ်”လို့ ပြောပါတယ်။
သေဆုံးရုပ်အလောင်းနဲ့ ထိခိုက်သူအရပ်သား ၁ ယောက်ကို လင်းလက်လူမှုကူညီရေး အသင်းယာဉ်နဲ့ အင်းစိန်ပြည်သူ့ဆေးရုံဆီ ပို့ဆောင်ပေးခဲ့ပါတယ်။
မီးလောင်တဲ့အကြောင်းရင်းနဲ့ ဆိုင်ခန်းပစ္စည်း ပျက်စီးလောင်ကျွမ်းမှုတန်ဖိုးကို သက်ဆိုင်ရာ မြို့နယ်မီးသတ်က စစ်ဆေးတွက်ချက်နေဆဲဖြစ်ပြီး သေဆုံးအဘိုးအိုကို ပိုင်ရှင်မဲ့ရုပ်အလောင်း PR 003 အဖြစ် ရင်ခွဲရုံမှာ ထားရှိပါတယ်။










