DVB Logo
Home
မြန်မာသတင်း
ရွှေဘိုမြို့နယ်တွင် ခရစ်ယာန်ဘုန်းတော်ကြီး ၁ ပါး သတ်ဖြတ်ခံရ
DVB
·
February 16, 2025
ရွှေဘိုမြို့နယ်တွင် ခရစ်ယာန်ဘုန်းတော်ကြီး ၁ ပါး သတ်ဖြတ်ခံရ
Donate to DVB

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကန်ကြီးတောကျေးရွာက ကက်သလစ်ခရစ်ယာန်ဘုန်းတော်ကြီး တပါးဟာ ဖေဖော်ဝါရီ ၁၄ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်မှာ ကျေးရွာတော်လှန်ရေးတပ်တခုရဲ့ သတ်ဖြတ်တာ ခံလိုက်ရတယ်လို့ သိရပါတယ်။

သတ်ဖြတ်ခံလိုက်ရသူဟာ သက်တော် ၄၄ နှစ်ရှိပြီး ဝါတော် ၇ နှစ်ရှိပြီဖြစ်တဲ့ မန္တလေး ဂိုဏ်းချုပ်သာသနာရဲ့ ရွှေဘိုမြို့နယ်၊ ကန်ကြီးတောကျေးရွာ၊ လုဒ်မယ်တော်သခင်မဘုရားကျောင်းမှာ သာသနာ့တာဝန်ကို ၂ နှစ်နီးပါး ထမ်းဆောင်နေသူ ဖာသာ ဒေါ်နယ်မာတင် ဖြစ်ပြီး ဘုရားကျောင်းအတွင်းမှာပဲ လည်ကုပ်နဲ့ ရင်ဘတ်မှာ ဓားနဲ့ခုတ်ဖြတ်ခံရတာကြောင့် သေဆုံးခဲ့ရတာလို့ ဆိုပါတယ်။

ရွှေဘိုမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ခံတယောက်က “အခင်းဖြစ်ပွားခဲ့တဲ့ ည ၉ နာရီဝန်းကျင်မှာပဲ အဲဒီသင်းအုပ်ဆရာကို သတ်ဖြတ်ခဲ့သူတွေကို ရွှေဘိုခရိုင် တပ်ရင်း ၅ က ဖမ်းမိထားတယ်လို့တော့ သိရတယ်ပေါ့နော်။ ဖမ်းမိထားသူတွေက ရွှေဘိုမြို့နယ်၊ တအုံရွာ တော်လှန်ရေးတပ်ဖွဲ့က ခေါင်းဆောင် တိုက်ကော နဲ့ ၉ ယောက်ကို သေနတ် ၅ လက် နဲ့ ဓားရှည် ၁ လက်တို့နဲ့ ဖမ်းမိတာလို့တော့ ကျနော်တို့သိထားရပါတယ်။ သူတို့လုပ်ခဲ့တယ်ဆိုတာလည်း ဝန်ခံထားတယ်တဲ့။ ဘာကြောင့် အဲဒီလိုလုပ်ခဲ့တယ်ဆိုတာတော့ မသိရသေးဘူးဗျ” လို့ DVB ကို ပြောပါတယ်။

ဖမ်းဆီးရမိထားသူတွေကို ရွှေဘိုခရိုင် တပ်ရင်း ၅ ဆီကနေ ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ဆီကို လွှဲပြောင်းပေးဖို့စီစဉ်နေတယ်လို့ သိရကြောင်းလည်း သူက ဆက်ပြောပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ဖို့ ရွှေဘိုခရိုင် တပ်ရင်း ၅ ဆီကို DVB က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပေမယ့် ဆက်သွယ်လို့ မရရှိသေးပါဘူး။

ရွှေဘိုခရိုင်၊ ရေဦးမြို့နယ်အခြေစိုက် PDC သတင်းမှန်ပြန်ကြားရေးနဲ့ဆက်သွယ်ရေးဌာနရဲ့ တာဝန်ရှိသူ ကိုထူးခန့်ဇော် (အမေ့သား) က “နိုင်ငံရေးအရှုပ်အရှင်း ဘယ်လိုပဲ ရှိခဲ့ပါစေ၊ ဗုဒ္ဓဘာသာ၊ ခရစ်ယာန် ရဟန်းသံဃာတော်တွေကို ကြက်ကလေး ငှက်ကလေး သတ်သလို လူမဆန်စွာ ရက်ရက်စက်စက် ဝင်ရောက်သတ်ဖြတ်သွားတဲ့ ဘယ်လက်နက်ကိုင်အဖွဲ့အစည်းကိုမဆို ကန့်ကွက်ရှုတ်ချပါ​တယ်။ ရွှေဘိုနယ်ထဲမှာရှိတဲ့ သက်ဆိုင်ရာလက်နက်ကိုင် အဖွဲ့အစည်းတွေအနေနဲ့လည်း သတင်းမကွယ်ကြဖို့ တာဝန်ယူမှု တာဝန်ခံမှုရှိရှိနဲ့ အမှုမှန်ပေါ်ပေါက်စေဖို့ အမြန်ဆုံး ပြင်းပြင်းထန်ထန် ထိထိရောက်ရောက် အရေးယူဆောင်ရွက်ပေးကြဖို့ တောင်းဆိုပါတယ်” လို့ ပြောပါတယ်။

သတ်ဖြတ်ခံလိုက်ရတဲ့ ဖာသာဒေါ်နယ်မာတင်ရဲ့ ရုပ်အလောင်းကို ကံကြီးတောကျေးရွာ လုဒ်မယ်တော်သခင်မဘုရားကျောင်းဝန်းကနေ ရွှေဘိုမြို့ကိုသယ်ယူသွားကြပြီး ဖေဖော်ဝါရီ ၁၆ ရက်နေ့ နေ့လယ်ပိုင်းမှာ ပြင်ဦးလွင်မြို့က စိန့်မေရီဘုရားကျောင်းမှာ ဈာပနအခမ်းအနားပြုလုပ်ပြီး သင်္ဂြိုဟ်မှာဖြစ်တယ်လို့လည်း နီးစပ်သူတွေဆီကနေ သိရပါတယ်။

ကံကြီးတောရွာဟာ ရွှေဘိုမြို့ရဲ့ အရှေ့တောင်ဘက်၊ ရွှေဘိုနဲ့ ဝက်လက်မြို့နယ်အစပ်မှာတည်ရှိတဲ့ ကျေးရွာတရွာလည်း ဖြစ်ပြီး ၂၀၂၃ ခုနှစ်ထဲက ကံကြီးတောကျေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးပြီး နှစ်ပေါင်း ၁၂၀ ကျော်သက်တမ်းရှိတဲ့ မယ်တော်သခင်မကျောင်းကိုလည်း မီးရှို့ ဖျက်ဆီးခဲ့ကြပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013