DVB Logo
Home
မြန်မာသတင်း
ဖယ်ခုံ၊ မိုးဗြဲတဝိုက်ကို စစ်တပ်ကလက်နက်ကြီးဖြင့် နေ့တိုင်းပစ်၊ ဖယ်ခုံက စစ်ရှောင်ရွာအနီး ကျရောက်ပေါက်ကွဲ
DVB
·
February 15, 2025
ဖယ်ခုံ၊ မိုးဗြဲတဝိုက်ကို စစ်တပ်ကလက်နက်ကြီးဖြင့် နေ့တိုင်းပစ်၊ ဖယ်ခုံက စစ်ရှောင်ရွာအနီး ကျရောက်ပေါက်ကွဲ
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံနဲ့ မိုးဗြဲမြို့နယ်အနီးတဝိုက်ကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ နေ့တိုင်းပစ်ခတ်နေပြီး ဖေဖော်ဝါရီ ၁၄ ရက် မနေ့ကတော့ စစ်ရှောင်တွေရှိနေတဲ့ ပီကင်းကျေးရွာနားကို  လက်နက်ကြီး ၃ လုံးကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မိုးဗြဲကနေပစ်လိုက်တဲ့ လက်နက်ကြီးတွေဟာ ဖယ်ခုံမြို့နယ်၊ ပီကင်းကျေးရွာအုပ်စုထဲက စလင်းရွာနားကို ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် ဒေသခံနဲ့ စစ်ဘေးရှောင်ပြည်သူတွေ စိုးရိမ်နေရတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကြောင့်  စစ်ဘေးရှောင်ပြည်သူတွေအတွက် ဗုံးခိုကျင်းတွေလိုအပ်နေပြီး ဗုံးခိုကျင်းတူးဖို့အတွက် ငွေကြေးမတတ်နိုင်ကြဘူးလို့ သိရပါတယ်။

ဒေသခံအမျိုးသားတယောက်က “တောင်ပေါ်ကိုကျတာ၊ လူထိခိုက်မိတာတော့မရှိဘူး။ မိုးဗြဲကနေပစ်တာ၊ သူတို့စစ်ကြောင်းထိုးရင်ပစ်တယ်” လို့ ပြောပါတယ်။

ပီကင်းကျေးရွာအုပ်စုထဲမှာ ဒေသခံတွေအပြင် မိုးဗြဲနဲ့ဖယ်ခုံကနေ စစ်ရှောင်လာကြတဲ့ စစ်ဘေးရှောင်ပြည်သူတွေလည်းနေထိုင်ကြတာပါ။

မိုးဗြဲရှေ့တန်းရဲဘော်တယောက်က “လက်နက်ကြီးကတော့ နေ့တိုင်းပစ်နေတယ်။ သူတို့က မတိုးနိုင်တော့ လေယာဉ်နဲ့ လက်နက်ကြီးအားကိုးနေတာ” လို့ ပြောပါတယ်။

လက်ရှိမှာ မိုးဗြဲမြို့အနီးတဝိုက်ကို စစ်ကောင်စီတပ်က ထိန်းချုပ်နိုင်ဖို့အတွက် ထိုးစစ်ဆင်နေပြီး တော်လှန်ရေးအင်အားစုနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားနေလို့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်တာတွေကို အဆက်မပြတ်ပြုလုပ်နေပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၃ ရက်နေ့ကလည်း ပီကင်းနားက တဲနားရွာတဝိုက်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံး ၆ လုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် အဆောက်အအုံတချို့ ထိခိုက်ပျက်စီးခဲ့ရပါတယ်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်းကလည်း ပီကင်းစျေးနဲ့ ဆိုင်ခွန်ရွာအနီးအနားကို ဗုံး အလုံး ၄၀ ကျော် ကြဲချတိုက်ခိုက်ခဲ့တဲ့အတွက် အသက် ၁၃ နှစ်အရွယ် ကလေးငယ်သေဆုံးပြီး တယောက်ဒဏ်ရာရ၊ နေအိမ် ၅ လုံးပျက်စီးခဲ့ရပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013