
ကရင်နီပြည်နဲ့ ထိုင်းနယ်စပ်မှာရှိတဲ့ စစ်ကောင်စီရဲ့ ပွိုင့် ၅၄၁၆ ခြေကုပ်စခန်းခေါ် တောင်ကတုံးစစ်စခန်းကို ကရင်နီပြည်တပ်မတော် KA က ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ KA စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က ပြောပါတယ်။
ဖေဖော်ဝါရီ ၁၀ ရက်နဲ့ ၁၁ ရက်နေ့မှာ KA က ဒရုန်းနဲ့ စနိုက်ပါအသုံးပြုပြီး စစ်စခန်းကုန်းကို တိုက်ခိုက်ခဲ့ပြီး ၁၂ ရက်နေ့မနက်မှာ တပ်စခန်းကို ဝင်ရောက်ချိန် စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၄၀ လောက်ဟာ စခန်းစွန့်ခွာထွက်ပြေးသွားခဲ့ပါတယ်။
KA စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က “၁၂ ရက်နေ့မှာ မွန်းမတည့်သေးဘူး၊ အဲဒီမှာ စခန်းကို သွားကပ်တော့ သူတို့ဆုတ်သွားတယ်လေ။ သူတို့မနက်အစောကြီးပြန်သွားတယ်ထင်တယ်။ နေ့လယ်မှာ ကျနော်တို့ရတယ်။ ပြင်းပြင်းထန်ထန် တိုက်ရတာတော့မရှိပါဘူး လက်နက်အကြီးတွေ ရလိုက်တယ်” လို့ ပြောပါတယ်။
စစ်တပ်စခန်းကို သိမ်းပိုက်ချိန် ၁၂ ရက်နေ့မှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ၁၃ ရက်နေ့မှာလည်း လေယာဉ်နဲ့ဗုံးလာကြဲခဲ့သလို လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေလည်းရှိတယ်လို့ သိရပါတယ်။
ထိုင်း-ကရင်နီနယ်စပ်မှာရှိတဲ့ တောင်ကတုံးစခန်းက ရှားတောမြို့နယ်ထဲမှာပါဝင်ပြီး စစ်ကောင်စီတပ် အထိုင်ချထားတဲ့ နောက်ဆုံး တပ်စခန်းဖြစ်ပါတယ်။
စစ်စခန်းကုန်းကနေ စစ်ကောင်စီတပ်အထိုင်ချထားတဲ့ RPG၊ စက်လတ်၊ ဗုံးသီးထည့်ထားတဲ့ သေတ္တာတွေနဲ့ စစ်သုံးယာဉ်တွေကိုသိမ်းဆည်းရမိခဲ့ပြီး စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ လှမ်းပစ်ခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလထဲမှာလည်း စစ်ကောင်စီရဲ့ ရှားတောမြို့နယ်ထဲက မယ်လယုတပ်စခန်းကို KA က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်း၊ မိုင်း၊ ဆိုင်ကယ်၊ ကားတွေကို သိမ်းဆည်းရမိခဲ့ပါတယ်။











