DVB Logo
Home
မြန်မာသတင်း
ILO အရေးယူမှု လက်မခံကြောင်း စစ်ကောင်စီသြဇာခံအချို့က အလုပ်သမားများကို ဆန္ဒပြခိုင်း
DVB
·
February 14, 2025
ILO အရေးယူမှု လက်မခံကြောင်း စစ်ကောင်စီသြဇာခံအချို့က အလုပ်သမားများကို ဆန္ဒပြခိုင်း
Donate to DVB

စစ်ကောင်စီလက်ကိုင်တုတ် အမည်ခံ အလုပ်သမားအဖွဲ့မှာ ပါဝင်နေသူတချို့က စက်ရုံအလုပ်သမားတွေကို အစည်းအဝေးခေါ်ပြီး အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) က မြန်မာနိုင်ငံအပေါ် အရေးယူမယ့် ကိစ္စရပ်အပေါ် ကန့်ကွက်ကြောင်း ဆန္ဒပြခိုင်းတာတွေ လုပ်နေတယ်လို့ ကိုယ်တိုင်ကြုံရတဲ့ အလုပ်သမားတွေက ပြောပါတယ်။

ဖေဖော်ဝါရီ ၁၄ ရက် မနက်က သာဓုကန်စက်မှုဇုန်ရှိ စက်ရုံတွေက အလုပ်သမား ခေါင်းဆောင်တွေကို အစည်းအဝေးခေါ်ယူစုစည်းကာ အလုပ်သမားအဖွဲ့ တာဝန်ရှိသူ ဆိုတဲ့သူတွေက ILO က မြန်မာနိုင်ငံကို ပုဒ်မ ၃၃ အရ ပိတ်ဆို့အရေးယူမယ့် အခြေအနေတွေကို ရှင်းလင်းပြောခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီလို တွေ့ဆုံချိန်မှာ ရဲအင်အားအများအပြားက ခပ်လှမ်းလှမ်းကနေ လုံခြုံရေးရယူပေးထားပြီး ရှင်းလင်းပြောဆိုတာတွေ ပြီးတဲ့နောက် အသင့်ပါလာတဲ့ ILO ရဲ့ အရေးယူမှုကို လက်မခံကြောင်း ရေးထားတဲ့ ဗီနိုင်းတွေ ထုတ်ပေးသလို စာရွက်ဖြူပေါ်မှာ ဆော့ပင်နဲ့ စာရေးသားပြီး တက်ရောက်လာတဲ့ အလုပ်သမားတွေကို ကိုင်ခိုင်းကာ မှတ်တမ်းဓာတ်ပုံတွေ ရိုက်သွားတယ်လို့ အဲဒီအစည်းအဝေးကို တက်ရောက်ခဲ့သူတချို့က ပြောပါတယ်။

ကိုယ်တိုင်ကြုံခဲ့ရတဲ့ စက်ရုံလုပ်သားတယောက်က “သူတို့ပြောတဲ့ ပုဒ်မ ၃၃ ဆိုတာကိုလည်း အစည်းအဝေးခေါ်လို့ သွားတဲ့သူတွေက သိတာမဟုတ်ဘူး။ ဆန္ဒပြတာကို လက်မခံတဲ့ကာလမှာ အနားဝန်းကျင်မှာ ရဲတွေရှိရဲ့နဲ့ ဗီနိုင်းစတွေ ကိုင်ခိုင်းပြီး ဆန္ဒပြခိုင်းကတည်းက မရိုးသားဘူးဆိုတာ ရိပ်မိတယ်။ သူတို့ ဝါဒဖြန့်ဖို့သက်သက် အလုပ်သမားတွေကို ခေါ်အသုံးချသွားတာ” လို့ ပြောပါတယ်။

အဲဒီလို အလုပ်သမားတွေနဲ့ တွေ့ဆုံရာမှာ အလုပ်သမားအဖွဲ့ တာဝန်ရှိသူတွေအနေနဲ့ စစ်ကောင်စီသြဇာခံ မျိုးသက်စိုးနဲ့ မျိုးဇော် ဆိုသူတို့က အဓိက စည်းရုံးပြောဆိုခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

အစည်းအဝေးတက်ခဲ့သူတယောက်က “ILO ပိတ်ဆို့အရေးယူရင် အကုန်ဒုက္ခရောက်ကြမှာ။ အလုပ်သမားတွေလည်း အလုပ်လက်မဲ့ ဖြစ်ကြမယ် ပြောတယ်။ NUG က အဲဒီလိုဖြစ်အောင် တွန်းပို့နေတာ ဆိုပြီးတော့လည်း ပြောတယ်” လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းခွင့်နဲ့ အဓမ္မခိုင်းစေမှုတွေ ဆိုးရွားစွာ ကျူးလွန်နေတယ် ဆိုတာကို ILO က စုံစမ်းတွေ့ရှိထားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ အဲဒီအချက်တွေကို လိုက်နာမယ်ဆိုပြီး လက်မှတ်ရေးထိုးထားပေမဲ့ ချိုးဖောက်တဲ့ဖြစ်ရပ်တွေ ရှိနေတာကြောင့် ILO ပုဒ်မ ၃၃ ကိုသုံးပြီး ပိတ်ဆို့အရေးယူဖို့ ရှိနေတာလည်း ဖြစ်ပါတယ်။

ဒီနှစ်လယ်ပိုင်းမှာ ပြုလုပ်မယ့် ILO ညီလာခံမှာ မြန်မာနိုင်ငံအပေါ် အရေးယူတဲ့ အဆုံးအဖြတ် ထွက်လာဖို့ ရှိနေတာဖြစ်ပြီး စစ်ကောင်စီက အရေးယူခံရမယ့် အခြေအနေကနေ ရှောင်လွှဲနိုင်ဖို့ အလုပ်သမားတွေကို အသုံးချကာ ဝါဒဖြန့်ဖို့ ကြိုးစားလာတာဖြစ်တယ်လို့ ပြည်တွင်း အလုပ်သမားအရေး ဆောင်ရွက်သူတွေက ပြောပါတယ်။

စစ်ကောင်စီဘက်က ILO က အရေးယူမှာကို လက်မခံကြောင်း ဝါဒဖြန့် ကြိုးစားမှုတွေ လုပ်လာပေမဲ့ စက်ရုံလုပ်သားတချို့က ILO ပုဒ်မ ၃၃ နဲ့ အရေးယူပေးဖို့ တောင်းဆိုခဲ့တဲ့ ဖြစ်ရပ်တွေ ရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013