
ထိုင်း-မြန်မာနယ်စပ်က ကျားဖြန့်အွန်လိုင်းငွေလိမ်လုပ်ငန်းတွေနဲ့ ဆက်နွှယ်နေတယ်လို့ သံသယရှိတဲ့ ခရိုင်အဆင့် ထိုင်းရဲမှူးချုပ် ၂ ယောက် နေရာရွေ့ပြောင်းခံရပြီး တာဝန်မှ ယာယီရပ်စဲခံထားရတယ်လို့ ThaiPBS သတင်းမှာ ဖော်ပြပါတယ်။
ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ရဲချုပ်ကြီး ကစ်သီရတ်ဖန်းဖစ်ရဲ့ ညွှန်ကြားချက်နဲ့ ရဲအရာရှိ ၂ ယောက်ကို ဖေဖော်ဝါရီ ၁၁ ရက်က လက်ရှိတာဝန်ဝတ္တရားမှ ရပ်စဲထားပြီး ဘန်ကောက်ရဲဌာနချုပ်မှာ တွဲ ဘက်ရွှေ့ပြောင်းထားကာ စုံစမ်းစစ်ဆေးရေးကော်မတီတရပ်ဖွဲ့ပြီး စစ်ဆေးနေပါတယ်။
အရေးယူခံရသူတယောက်ကတော့ တာ့ခ်ခရိုင် အမှတ် ၅ ရဲတပ်ဖွဲ့မှ ဝန်ထမ်းရေးရာစစ်ဆေးရေးမှူး ရဲမှူးချုပ် ဧကရာအင်းတဆိပ်ဖြစ်ပြီး သူဟာ မြဝတီ Complex အထူးစီးပွါးရေးဇုန်မှာ ပါဝင ရင်းနှီးမြုပ်နှံထားတယ်၊ အဆိုပါစီးပွါးရေးဇုန်မှာ ကာစီနိုလောင်းကစားဝိုင်း၊ လူကုန်ကူးမှု၊ ငွေကြေး ခဝါချမှုတွေနဲ့ ပြည့်နေတယ်လို့ ဆိုပါတယ်။
နောက်တယောက်ကတော့ တာ့ခ်ခရိုင် ရဲမှူးကြီး ဆမ်ရစ် အိမ်ကမွန်းဖြစ်ပြီး သူဟာ တာ့ခ်ခရိုင် တာ့ခ်၊ မဲဆောက်၊ ဖုပ်ဖရ၊ မယ်လမတ်၊ အုန်းဖန်စတဲ့ မြို့နယ် ၅ ခုကနယ်မြေရဲစခန်းကို ကြီးကြပ်နေသူဖြစ်တယ်၊ ဒီမတိုင်ခင်က အဆိုပါ ၅ မြို့နယ်ရှိ နယ်စပ်လမ်းကြောင်းတွေမှာ တရားမဝင်လူကုန်ကူးမှု၊ နိုင်ငံခြားသားတွေ တရားမဝင်နယ်စပ်ဖြတ်ကျော်မှုတွေ ရှိခဲ့တာကြောင့် စုံစမ်းစစ်ဆေးအရေးယူခံနေရတာလို့ ဆိုပါတယ်။
မြဝတီမြို့နယ် အထူးစီးပွါးရေးဇုန်းမှာ ထိုင်းဘက်ခြမ်းက ရာထူးကြီးကြီး ရဲအရာရှိတွေ ပါဝင်ရင်းနှီးမြှုပ်နှံပြီး အဆိုပါရဲအရာရှိဟာ မြဝတီအထူးစီးပွါးရေးဇုန် ဖြစ်ပေါ်လာရေးအတွက် အခရာကျသူလည်းဖြစ်တယ်လို့ ထိုင်းနယ်စပ်ရေးရာ အမျိုးသားလုံခြုံရေးကော်မရှင်ဥက္ကဋ္ဌ People’s Party လွှတ်တော်အမတ် နိုင်းရန်းဆီမန်းရုမ်းက ပြောထားခဲ့ဖူးပါတယ်။
Source : ThaiPBS / The Nation










