DVB Logo
Home
မြန်မာသတင်း
ဗဟိုအခြေပြု ဖက်ဒရယ်စနစ် မကျင့်သုံးဟု တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ ကြေညာ
DVB
·
February 12, 2025
ဗဟိုအခြေပြု ဖက်ဒရယ်စနစ် မကျင့်သုံးဟု တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ ကြေညာ
Donate to DVB

အနာဂတ်ပြည်ထောင်စု တည်ဆောက်ရေးမှာ ဗဟိုအခြေပြု ဖက်ဒရယ်စနစ်ကို မကျင့်သုံးဘူးလို့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ပြည်နယ်/လူမျိုးကိုယ်စားပြု ဖက်ဒရယ် ကောင်စီတွေက ထုတ်ပြန်ပြီး ပင်လုံစာချုပ်ပါ နိုင်ငံရေးအနှစ်သာရကို လက်ရှိတော်လှန်ရေး အင်အားစုတွေ ပြည့်ပြည့်ဝဝ ကြိုးပမ်းအကောင်အထည်ဖော်သင့်ပြီလို့ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး - PSLF/TNLA က တိုက်တွန်းလိုက်ပါတယ်။

ဖေဖော်ဝါရီ ၁၂ ရက် ဒီနေ့ထုတ်ပြန်တာဖြစ်ပြီး ဗဟိုချုပ်ကိုင်မှုစနစ်ဟာ အစိုးရအဆက်ဆက်ရဲ့ နှစ် ၇၀ ကျော်ရှိနေတဲ့ နက်ရှိုင်းတဲ့ နိုင်ငံရေးပြဿနာတွေကို မဖြေရှင်းနိုင်ရုံမက နောက်ဆက်တွဲ ပိုရှုပ်ထွေးတဲ့ ထပ်ဆင့်ပြဿနာတွေကို ဖြစ်ပေါ်စေတာဟာ ပကတိအရှိတရားပဲဖြစ်တယ်လို့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်ဆန့်ကျင်ရေး) (NMSP-AD)၊ ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ (KSCC)၊ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC)၊ မွန်ပြည်နယ် ဖက်ဒရယ်ကောင်စီ (MSFC)၊ တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ (TPCC)နဲ့ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) - WLB တို့ ပူးတွဲထုတ်ပြန်ပါတယ်။

သူတို့အနေနဲ့ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေး အပြည့်အဝရှိတဲ့ ပြည်နယ်တွေနဲ့စုဖွဲ့တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် တစိုက်မတ်မတ် ကြိုးပမ်းနေပြီး ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေး (Bottom-up Federalism Approach) ချဉ်းကပ်မှုနဲ့ တော်လှန်ရေးကာလ ကြားကာလကစပြီး အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုကို လက်တွေ့တည်ဆောက် အကောင်အထည်ဖော်သွားမယ့်အကြောင်း၊  ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးကိုလိုလားတဲ့ အဖွဲ့အစည်းတွေ အားလုံးနဲအတူ လက်တွဲတော်လှန် တိုက်ပွဲဝင်သွားမဲ့အကြောင်းကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၉ ရက်နေ့မှာ သဘောထား ထုတ်ပြန်ခဲ့ပါသေးတယ်။

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးကို တော်လှန်ရေးကာလ ကြားကာလ ကစပြီး အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရာမှာ လက်တွေ့ဖော်ဆောင်ရာမှာ အသွင်ကူးပြောင်းရေးကာလအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေလို သက်ရောက်မှုရှိတဲ့ အုပ်ချုပ်ရေး စာတမ်းအဖြစ် ကျင့်သုံးသွားဖို့ ဖက်ဒရယ်အသွင်ကူးပြောင်းရေး အစီအမံဆိုင်ရာ အခြေခံဥပဒေ Articles of Federal Transitional Arrangement (AFTA) ကို စတင်ပြင်ဆင်ရေးဆွဲနေပြီလို့လည်း ဆိုပါတယ်။

စစ်အာဏာရှင်ချုပ်ငြိမ်းရေးအတွက် အတူတကွ တော်လှန်တိုက်ပွဲဝင်နေကြတဲ့ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းတွေအနေနဲ့ တော်လှန်ရေးကာလ ကြားကာလကစပြီး အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးမှာ ဗဟိုချုပ်ကိုင်မှုစနစ် အသစ်တဖန်ပြန်လည် အားကောင်းစေမဲ့ ဗဟိုအခြေပြုဖက်ဒရယ်စနစ်ကို လက်ခံကျင့်သုံးသွားမှာ မဟုတ်ဘဲ ပြည်နယ် အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး အခြေခံချဉ်းကပ်မှုနဲ့ပဲ တိုင်းပြည်ကို ပြန်လည်တည်ဆောက်သွားနိုင်ရေးကြိုးပမ်းသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF ကလည်း ဒီနေ့မှာ ၇၈ နှစ်မြောက် ပင်လုံစာချုပ် ချုပ်ဆိုခြင်းအခမ်းအနားလို့ နာမည်ပြောင်း ကျင်းပလာတာဟာ မြန်မာနိုင်ငံရဲ့ ပြည်ထောင်စုပြဿနာ ကြီးကြီးမားမားရှိနေဆဲဆိုတာကို ဝန်ခံရာရောက်ပြီး အဖြေရှာဖို့ ကြိုးပမ်းနေကြဆဲဖြစ်တယ်လို့ ရှုမြင်ကြောင်း ဆိုပါတယ်။

အခမ်းအနားကိုပေးပို့တဲ့ သဝဏ်လွှာမှာ ဖော်ပြထားတာဖြစ်ပြီး မြန်မာစစ်အာဏာရှင် အဆက်ဆက်၊ မြန်မာအစိုးရအဆက်ဆက်နဲ့ နိုင်ငံရေးပါတီတွေဟာ ချစ်ဖွယ်ကောင်းတဲ့ မတူကွဲပြားတဲ့ မြန်မာပြည်က လူမျိုးတွေကို မြန်မာပြည်အဝန်းအဝိုင်းမှာ နိုင်ငံရေးအခွင့်အရေးတွေ သာတူညီမျှ လွတ်လွတ်လပ်လပ် ခံစားဖို့ မပေးစွမ်းနိုင်ဘဲ တိုင်းပြည်ကို စစ်ပွဲနဲ့ ဆင်းရဲမွဲတေမှုဆီကိုပဲ ဖန်တီးတွန်းပို့လာခဲ့ကြတာကြောင့် မြန်မာပြည်ဟာ ကျရှုံးနိုင်ငံ ဖြစ်နေပြီလို့ ဆိုပါတယ်။

လက်ရှိအချိန်ထိ ပြည်ထောင်စုနိုင်ငံ မတည်ဆောက်နိုင်တာဟာလည်း မြန်မာနိုင်ငံက နိုင်ငံရေးပါတီတွေနဲ့ နိုင်ငံရေး၊ တော်လှန်ရေးခေါင်းဆောင်တွေရဲ့ နိုင်ငံရေးယဉ်ကျေးမှု နိမ့်ကျနေဆဲ ဖြစ်တာကို ညွှန်ပြနေတာလို့ ပြောဆိုထားပါတယ်။

မြန်မာပြည်အတွင်းက နိုင်ငံသားတိုင်း၊ လူမျိုးတိုင်း လွတ်မြောက်ချိန်တန်ပြီဖြစ်သလို ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတို့ကို ထိုက်ထိုက်တန်တန် ခံစားခွင့်နဲ့ လူနည်းစုလူမျိုးတွေ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရှိသင့်ပြီဖြစ်ကြောင်းနဲ့ ပင်လုံစာချုပ်မှာ ချုပ်ဆိုခဲ့တဲ့ နိုင်ငံရေးအနှစ်သာရကို လက်ရှိတော်လှန်ရေး အင်အားစုတွေ ပြည့်ပြည့်ဝဝ ကြိုးပမ်းအကောင်အထည်ဖော်သင့်ပြီလို့လည်း တိုက်တွန်းနှိုးဆော်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013