DVB Logo
Home
မြန်မာသတင်း
YP ဆီဆိုင်နေရာများတွင် စစ်ကောင်စီနှင့်နီးစပ်သည့် BOC ဆိုင်များဖြင့် အစားထိုးဖွင့်
DVB
·
February 12, 2025
YP ဆီဆိုင်နေရာများတွင် စစ်ကောင်စီနှင့်နီးစပ်သည့် BOC ဆိုင်များဖြင့် အစားထိုးဖွင့်
Donate to DVB

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း လက်ထက်က ဖွင့်လှစ်လုပ်ကိုင်ခွင့်ရရှိခဲ့တဲ့ Yangon Petro (YP) ဆီဆိုင်တွေရဲ့ နေရာမှာ စစ်ကောင်စီနဲ့ နီးစပ်တဲ့ BOC အရောင်းဆိုင်တွေ အစားထိုး ဖွင့်လှစ်လုပ်ကိုင်နေပါတယ်။

အရင် နဝတ လက်ထက်ကတည်းက စစ်တပ်နဲ့ရင်းနှီးပတ်သက်မှုရှိတဲ့ ဦးဝင်းဆွေ ပိုင်ဆိုင်တဲ့ BOC စက်သုံးဆီအရောင်းဆိုင်တွေက YP စက်သုံးဆီဆိုင် နေရာတချို့မှာ အစားထိုး လုပ်ကိုင်ခွင့် ရခဲ့တာ ​ဖြစ်ပါတယ်။

YP ကုမ္ပဏီအနေနဲ့ NLD အစိုးရလက်ထက်မှာ ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ်၊ ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်၊ သာကေတ၊ ဒလနဲ့ မြောက်ဥက္ကလာပမြို့နယ်တို့မှာ စက်သုံးဆီအရောင်းဆိုင် ဖွင့်လှစ်ဖို့အတွက် မြေဧက ၇၀ ကျော်ကို ကုမ္ပဏီအမည်ပေါက် နှစ် ၆၀ မြေငှားစာချုပ် (ဂရန်) ရရှိခဲ့တာ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက်မှာ အဲဒီ မြေငှားရမ်းလုပ်ကိုင်ခွင့်ရရှိတဲ့ ငွေပမာဏမှာ ကာလပေါက်ဈေးထက် လျော့နည်းနေတယ်ဆိုပြီး စစ်ကောင်စီက ၂၀၂၃ မှာ ဂရန်ထုတ်ပေးထားတဲ့ မြေကွက်တချို့ကို ပယ်ဖျက်လိုက်ကြောင်း ကြေညာခဲ့ပါတယ်။

စက်သုံးဆီရောင်းဝယ်ရေးလုပ်ငန်းနဲ့ နီးစပ်သူတယောက်က “မြေပြန်သိမ်းခံရပြီးတော့လည်း ဆိုင်က ဆက်ဖွင့်နေသေးတာ။ BOC က အစားထိုးဖွင့်တာ မကြာသေးဘူး။ သူက ဘယ်လိုပုံစံမျိုးနဲ့ လုပ်ပိုင်ခွင့်ရသွားလဲ မသိဘူး။ အဲဒါနဲ့ပတ်သက်လို့ ရှင်းရှင်းလင်းလင်း ထုတ်ပြန်တာ မရှိဘူး။ ပွင့်လင်းမြင်သာမှု မရှိတာ” လို့ ပြောပါတယ်။

မြေငှားရမ်းလုပ်ကိုင်ရာမှာ တန်ရာတန်ကြေးပေးသွင်းတာ မရှိဘဲ ရယူခဲ့လို့ဆိုပြီး YP စက်သုံးဆီ အရောင်းဆိုင် ဒါရိုက်တယောက်ဖြစ်တဲ့ ဦးဇင်မင်းအောင်ကို စစ်ကောင်စီက ၂၀၂၂ မှာ ဖမ်းဆီးအရေးယူခဲ့တာ ရှိပါတယ်။

ဒါ့အပြင် အဲဒီမြေလုပ်ကိုင်ခွင့်ချပေးရာမှာ တာဝန်ရှိတဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီးဟောင်း ဦးဟံထွန်းနဲ့ ရန်ကုန်မြို့တော်ဝန်ဟောင်း ဦးမောင်မောင်စိုး တို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ နဲ့ အရေးယူခဲ့သလို ဒုတိယမြို့တော်ဝန်ဟောင်း ဦးစိုးလွင်၊ အတွင်းရေးမှူးဟောင်း ဒေါ်လှိုင်မော်ဦး၊ တွဲဖက်အတွင်းရေးမှူးဟောင်း ဦးသန်းနဲ့ ကုမ္ပဏီဒါရိုက်တာအဖွဲ့ဝင်တို့ကိုလည်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅/၆၃ နဲ့ ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့မရဲစခန်းမှာ တရားစွဲဆိုခံထားရပါတယ်။

ဒါပေမဲ့ YP ကုမ္ပဏီကို မြေငှားရမ်းလုပ်ကိုင်ခွင့်ပေးရာမှာ အဓိကကျတဲ့ ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းကတော့ အရေးယူမခံရဘဲ ကင်းလွတ်နေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013