
နိုင်ငံပေါင်း ၆၀ ပူးပေါင်းပါဝင်မှုနဲ့အတူ ပင်လယ်ပြင်လုံခြုံရေး ပိုမိုကောင်းမွန်လာစေဖို့ ရည်ရွယ်ကျင်းပခဲ့တဲ့ ပါကစ္စတန်ရေတပ်ရဲ့ နိုင်ငံစုံလေ့ကျင့်ရေး AMAN 2025 ဟာ ဖေဖော်ဝါရီ ၁၁ ရက်က မြောက်အာရေဗျပင်လယ်မှာ ပြီးဆုံးသွားပါတယ်။
အင်္ဂါနေ့က ပါကစ္စတန် စစ်တပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အာဆင်မ် မူနီယာဟာ ပါကစ္စတန်သင်္ဘော မိုအာဝင်ကို စီးနင်းရောက်ရှိလာခဲ့ပြီး နိုင်ငံတကာ ရေတပ်အုပ်စု ပြန်လည်လေ့ကျင့်မှု အတောအတွင်း ရေတပ်စစ်ဆင်ရေး လေ့ကျင့်မှုတွေနဲ့ စစ်ရေးလေ့ကျင့်ခန်း အမျိုးမျိုးကို ကြည့်ရှုခဲ့တယ်လို့ ပါကစ္စတန်ရေတပ်က ပြောပါတယ်။
အဲဒီစစ်ရေးလေ့ကျင့်မှုဟာ “ငြိမ်းချမ်းရေးအတွက် အတူတကွ” ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ ပါကစ္စတန်ရဲ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ကတိကဝတ်ကို ပြသခဲ့တယ်လို့ ပါကစ္စတန်ရေတပ်က ဆိုပါတယ်။
၂ နှစ်တကြိမ် ကျင်းပပြီး တရားဝင် ‘AMAN-25’ လို့ ခေါ်တွင်တဲ့ အခုနှစ် စစ်ရေးလေ့ကျင့်မှုကို တက်ရောက်တဲ့ နိုင်ငံတွေထဲမှာ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အင်ဒိုနီးရှား၊ ဂျပန်၊ ဆော်ဒီအာရေဗျ၊ မလေးရှား၊ အိုမန်၊ သီရိလင်္ကာ၊ အီရန်၊ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နဲ့ အမေရိကန်ပြည်ထောင်စုတို့ ပါဝင်ကြပြီး စစ်သင်္ဘောတွေ၊ လေယာဉ်တွေနဲ့ အထူးစစ်ဆင်ရေး တပ်ဖွဲ့တွေလည်း ပါ၀င်ကြောင်း ပါကစ္စတန်ရေတပ်က ပြောပါတယ်။
ပါကစ္စတန်ရေတပ် PNS မိုအာဝင်းရဲ့ ကွပ်ကဲရေးမှူး ကပ္ပတိန် ဟူမာယွန် ယာကုဘ်က AMAN 2025 လေ့ကျင့်ခန်းဟာ သိသာထင်ရှားတဲ့ မှတ်တိုင်တခုဖြစ်ကြောင်း ဖော်ပြပြောဆိုခဲ့ပြီး ၂၀၀၇ ခုနှစ်မှာ နိုင်ငံပေါင်း ၂၈ နိုင်ငံကနေ ၂၀၂၅ မှာ နိုင်ငံပေါင်း ၆၀ အထိ ခုန်တက်သွားတာလို့ ပြောကြားခဲ့ပါတယ်။
ဒီစစ်ရေးလေ့ကျင့်မှုမှာ ပါဝင်တဲ့နိုင်ငံတွေအကြား ပူးပေါင်းဆောင်ရွက်တဲ့ လုံခြုံရေးနဲ့ ငြိမ်းချမ်းရေးကို မြှင့်တင်ဖို့ ရည်ရွယ်ကြောင်းလည်း သူက အလေးအနက် ပြောကြားခဲ့ပါတယ်။
AMAN 2025 လေ့ကျင့်ခန်းဟာ နိုင်ငံပေါင်း ၆၀ က ရေတပ်စစ်သင်္ဘောတွေ၊ လေယာဉ်တွေ အထူးတပ်ဖွဲ့တွေအပြင် မဟာဗျူဟာမြောက် ဆွေးနွေးမှုတွေအတွက် အာမန် ဒိုင်ယာလော့ဂ် တွေ့ဆုံဆွေးနွေးရေး စကားဝိုင်းလည်း ပါဝင်ခဲ့ပါတယ်။
Source : Reuters











