
အာရီဇိုးနားပြည်နယ်၊ စကော့တ်စ်ဒေးလ် လေဆိပ်မှာ အလတ်စား စီးပွားရေးဂျက်လေယာဉ်တစီးနဲ့ တခြားလေယာဉ်တစီးတိုက်မိလို့ အနည်းဆုံး လူတယောက် သေဆုံးခဲ့ပြီး တခြားလူ ၄ ယောက်ထက်မနည်း ဒဏ်ရာရခဲ့ကြောင်း ဖေဖော်ဝါရီ ၁၀ ရက်မှာ အာဏာပိုင်တွေက ကြေညာခဲ့ပါတယ်။
စီးပွားရေးဂျက်လေယာဉ် Learjet 35A ဟာ ၁၄း၃၉ နာရီလောက်မှာ စကော့တ်စ်ဒေးလ် မြူနီစီပယ်လေဆိပ်ကို ဆင်းသက်ချိန်မှာ ပြေးလမ်းချော်ပြီး ရပ်ထားတဲ့ တခြားဂျက်လေယာဉ် Gulfstream 200 နဲ့ တိုက်မိခဲ့တာလို့ ဖက်ဒရယ်လေကြောင်းအုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပြီး လေယာဉ်တိုက်မှုကို စုံစမ်းစစ်ဆေးနေကြောင်း အာဏာပိုင်တွေက ပြောကြားပါတယ်။
ဂျက်လေယာဉ် ပြေးလမ်းချော်ရတဲ့ အကြောင်းအရင်းကိုတော့ တာဝန်ရှိသူတွေက အသေးစိတ် ပြောကြားခြင်း မရှိပါဘူး။
လေယာဉ်ပြေးလမ်းကို ပိတ်ထားဆဲဖြစ်ကြောင်း စကော့တ်စ်ဒေးလ် လေဆိပ်ရှိ လေကြောင်းစီမံကိန်းနဲ့ ပြင်ပညှိနှိုင်းရေးမှူး ကယ်လီ ကူအက်စတာက ပြောပါတယ်။
အရေးပေါ်ကယ်ဆယ်ရေးသမားတွေဟာ လေယာဉ်တစင်းထဲ ပိတ်မိနေသူ တယောက်ကို ကယ်ဆယ်ဖို့ လုပ်ဆောင်နေကြောင်း စကော့တ်စ်ဒေးလ် မီးသတ်ဌာနမှ ကပ္ပတိန် ဒေ့ဗ်ဖိုလီယိုက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
ဒီအဖြစ်အပျက်ဟာ အမေရိကန် လေကြောင်းဘေးကင်းရေးစစ်ဆေးမှု အရှိန်မြင့်လာချိန်မှာ ဖြစ်ပွားခဲ့တာပါ။
အမျိုးသား သယ်ယူပို့ဆောင်ရေး ဘေးကင်းရေးဘုတ်အဖွဲ့မှ စုံစမ်းစစ်ဆေးရေးမှူးတွေဟာ လတ်တလော ရက်သတ္တပတ်တွေအတွင်း လူအသေအပျောက်များတဲ့ လေယာဉ်မတော်တဆမှု ၃ မှုကို စုံစမ်းစစ်ဆေးနေတာဖြစ်ပါတယ်။
အဲဒီထဲမှာ လူ ၆၇ ယောက် သေဆုံးခဲ့တဲ့ ဝါရှင်တန်ဒီစီမှာ ခရီးသည်တင် ဂျက်လေယာဉ်နဲ့ အမေရိကန်စစ်တပ် Black Hawk ရဟတ်ယာဉ်တို့ တိုက်မိမှု၊ ဖီလာဒဲလ်ဖီးယားမှာ လူ ၇ ယောက် သေဆုံးခဲ့တဲ့ ဆေးဘက်ဆိုင်ရာ ဂျက်လေယာဉ် ပျက်ကျမှုနဲ့ အလာစကာမှာ လူ ၁၀ ယောက် သေဆုံးခဲ့တဲ့ လေယာဉ်ပျက်ကျမှုတို့ ပါဝင်ပါတယ်။
Source : Reuters











