DVB Logo
Home
မြန်မာသတင်း
အမေရိကန် ကျန်းမာရေးအကူအညီ ရပ်ဆိုင်းပြီးနောက် မြန်မာဒုက္ခသည် အဘွားအို ၁ ဦး သေဆုံး
DVB
·
February 10, 2025
အမေရိကန် ကျန်းမာရေးအကူအညီ ရပ်ဆိုင်းပြီးနောက် မြန်မာဒုက္ခသည် အဘွားအို ၁ ဦး သေဆုံး
Donate to DVB

အမေရိကန်ရဲ့ နိုင်ငံရပ်ခြားအကူအညီ အားလုံးနီးပါး ရပ်ဆိုင်းပြီးတဲ့နောက်မှာ ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းက အသက် ၇၁ နှစ်အရွယ် အဘွားအိုတယောက် အောက်ဆီဂျင်ပြတ်လပ်တာကြောင့် သေဆုံးသွားခဲ့ပါတယ်။

မြန်မာအပါအဝင် ကမ္ဘာတဝန်းက နိုင်ငံတွေကို USAID က ပေးနေတဲ့ အကူအညီတွေ ရပ်ဆိုင်းလိုက်တဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ ဆုံးဖြတ်ချက်ကြောင့် ထိုင်း-မြန်မာ နယ်စပ်က ဒုက္ခသည်စခန်းတွေမှာ ဖွင့်ထားတဲ့ ဆေးရုံတွေမှာ ဆေးကုသပေးနေတဲ့ လုပ်ငန်းတွေ ရုတ်တရက် ရပ်သွားပြီး ဆေးရုံဆင်းခဲ့ရတဲ့ လူနာတွေထဲက မြန်မာဒုက္ခသည်တယောက် သေဆုံးသွားခဲ့တာပါ။

အသက် ၇၁ နှစ်အရွယ် ရှိပြီဖြစ်တဲ့ အဘွား ဖိခလို့ဟာ အမေရိကန်ရဲ့ ဒုက္ခသည်များ ကျန်းမာရေး အကူအညီပေးရေးအဖွဲ့ (IRC) ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ ဆေးရုံကနေ အိမ်ပြန်ပို့ခံရပြီး ၄ ရက်အကြာ ဖေဖော်ဝါရီ ၂ ရက်နေ့မှာ သေဆုံးသွားခဲ့တာလို့ မိသားစုဝင်တွေက ပြောပါတယ်။

ကွယ်လွန်တဲ့ မြန်မာဒုက္ခသည် အဘွား ဖိခလို့ရဲ့ သမက်က “ဆေးရုံကို လုံးဝ အကုန်ပိတ်လိုက်တယ်လို့ ပြောတော့ ဆေးရုံမှာရှိတဲ့လူနာ အကုန်ပြန်ပို့တာ၊ ကျနော်တို့ တဦးတယောက်တည်းရယ်လို့တော့ မဟုတ်ဘူး။ ဆေးရုံမှာရှိတဲ့ လူနာ အကုန်ပြန်ပို့တာ၊ ဘယ်သူမှ နေလို့မရဘူး။ အဲ့လို ပြန်ပို့တဲ့အချိန်မှာ သူရောက်လာတာပေါ့၊ ဒါပေမဲ့ အသည်းအသန်ဖြစ်လို့ ဘာညာ ဆေးရုံက ပြန်ဆင်းခိုင်းတာမျိုး မဟုတ်ဘူး။ ကျနော့် ယောက္ခမက၊ အောက်ဆီဂျင်ရရင် ဘာမှ ဖြစ်ဦးမှာမဟုတ်ဘူး၊ အောက်ဆီဂျင် ပြတ်သွားတဲ့ ကိစ္စကြောင့်မို့ အခုလို ဖြစ်သွားတာ” လို့ ပြောပါတယ်။

အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (USAID) လက်အောက် လူသားချင်းစာနာ အကူအညီပေးရေး လုပ်ငန်းတွေကို ဇန်နဝါရီ ၂၅ ရက်က စတင်ရပ်ဆိုင်းလိုက်တာကြောင့် အမေရိကန်ရဲ့ ဒုက္ခသည်များ ကျန်းမာရေးအကူအညီပေးရေးအဖွဲ့ (IRC) ရဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေဟာ အခုနှစ် ဇန်နဝါရီ ၂၇ ရက်ကစပြီး ရပ်နားသွားခဲ့ပါတယ်။

IRC ဟာ ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတွေမှာ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေအပြင် မိခင်နဲ့ ကလေး ကျန်းမာရေးစောင့်ရှောက်မှု၊ သောက်သုံးရေရရှိရေးနဲ့ စခန်းသန့်ရှင်းရေး လုပ်ငန်းတွေကို ကူညီဆောင်ရွက်ပေးနေတဲ့အဖွဲ့လည်း ဖြစ်ပါတယ်။

အဘွား ဖိခလို့ဟာ ဆေးရုံတက်နေရတာ ၃ နှစ်ရှိပြီဖြစ်ပြီး ဆေးရုံကပေးတဲ့ အောက်ဆီဂျင်နဲ့ပဲ အသက်ဆက်နေရတာလို့ မိသားစုတွေက ဆိုပါတယ်။

ထိုင်းကျန်းမာရေး ဝန်ထမ်းတယောက်ကတော့ ဆေးရုံတွေ ပိတ်ထားချိန်မှာ တချို့လူနာတွေဆီ အောက်ဆီဂျင်ဘူးတွေ လိုက်ပေးခဲ့ပေမဲ့ လူနာအားလုံးအတွက်တော့ လုံလောက်မှုမရှိဘူးလို့ ပြောပြပါတယ်။

ကွယ်လွန်သူ အဘွား ဖိခလို့ရဲ့ သမီးက “အမေရှိလို့ ယောက်ျားနဲ့ ရန်ဖြစ်ရင် တခါတလေ အမေ့အိမ်မှာ သွားခိုနားမယ်၊ အခု အမေမရှိတော့ ဘယ်လိုမှ လုပ်လို့မရတော့ဘူး၊ ကိုယ်က ဝမ်းနည်းတာပေါ့၊ အဲ့လိုမျိုးပေါ့” လို့ ပြောပါတယ်။

ဇန်နဝါရီ ၂၈ ရက်ကတော့ ထိုင်းကျန်းမာရေးဝန်ကြီးက ထိုင်းနိုင်ငံအတွင်းမှာ နေထိုင်တဲ့ ဒုက္ခသည်တွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို ထိုင်းအစိုးရက ဆက်ပြီး ပံ့ပိုးကူညီသွားမယ်လို့ ပြောဆိုခဲ့ပါတယ်။

စေတနာ့ဝန်ထမ်းခေါင်းဆောင် ကိုမောင်ကိုက “ဒီကျန်းမာရေးနဲ့ ပတ်သက်တဲ့ လူတွေပေါ့နော်၊ နာတာရှည်နဲ့ မွေးဖွားလူနာတွေကတော့ တော်တော်လေးကို အဓိကကျတယ်၊ တချို့ကလည်း အောက်ဆီဂျင် ရှူရမယ့်သူတွေ၊ အောက်ဆီဂျင်မရှိရင် မဖြစ်ဘူး၊ အဲ့လိုပုဂ္ဂိုလ်တွေလည်း ရှိတယ်။ အဲ့တော့ ဒီ အောက်ဆီဂျင်နဲ့ ပတ်သက်ပြီးတော့ လောလောဆယ်ကတော့ ထိုင်းကနေ ဦးဆောင်ပြီးတော့ လုပ်ဆောင်နေတော့ အားလုံးကတော့ လက်ရှိအနေအထားက ပြေလည်မှုတော့ ရှိတယ်ပေါ့နော်။ ဒါပေမဲ့ နှစ်ကြာလာရင်တော့ ဘယ်လိုလာမလဲတော့ ပြောလို့မတတ်ဘူး။ ရက် ၉၀ ကတော့ ထိုင်းကတော့ အကောင်းဆုံး လုပ်သွားမယ်လို့တော့ ကျနော်တို့ မျှော်လင့်တယ်။ ရက် ၉၀ ကျော်လာရင်တော့ ဘာတွေဆက်ဖြစ်မလဲဆိုတာ မသိဘူး။ ရက် ၉၀ မကျော်ခင်တော့ ကျနော်တို့က သတင်းကောင်းလေး ကြားချင်တာပေါ့” လို့ ပြောပါတယ်။

ထိုင်း-မြန်မာနယ်စပ်တလျှောက်မှာ မယ်လ၊ အုန်းဖျန်၊ နို့ဖိုး၊ မယ်ရာမို၊ မယ်လအူး၊ ဘမ့်ဒုံယမ်း၊ ထမ်းဟင်နဲ့ အမှတ် ၁၊ ၂ ကရင်နီဒုက္ခသည်စခန်း အပါအဝင် မြန်မာဒုက္ခသည်စခန်း ၉ ခုရှိပြီး လူဦးရေ တသိန်းနီးပါး ခိုလှုံနေတယ်လို့ ထိုင်းနယ်စပ်အကူအညီပေးရေး ညွန့်ပေါင်းအဖွဲ့ (TBC) စာရင်းတွေအရ သိရပါတယ်။

ဒီဒုက္ခသည်စခန်းတွေမှာ IRC က ထောက်ပံ့ပေးနေတဲ့ ကျန်းမာရေးစောင့်ရှောက်မှု၊ အမှိုက်သိမ်းစနစ်နဲ့ သောက်သုံးရေရရှိရေး စတာတွေကို ရက် ၉၀ အတွင်း ကိုယ်ထူကိုယ်ထပုံစံနဲ့ လည်ပတ်ရမယ်လို့လည်း ပြောထားပါတယ်။

ထရမ့်ပ်အစိုးရက ဘယ်လိုအကူအညီမျိုးတွေကိုတော့ ပြန်အသက်သွင်းမလဲဆိုတာ သုံးသပ်နေချိန်မှာ ကမ္ဘာတဝန်းက လူသန်းပေါင်းများစွာဟာ မသေချာမရေရာတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။

အရေးကြီးတဲ့ ကျန်းမာရေး၊ စားနပ်ရိက္ခာ အကူအညီနဲ့ လူသားချင်းစာနာမှု အစီအစဉ်တွေ မရေမရာ ဖြစ်လာတဲ့အတွက် အကျိုးဆက်တွေက တဖြည်းဖြည်း ဆိုးရွားလို့လာနေပါပြီ။

မြတ်သဇင်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013