DVB Logo
Home
မြန်မာသတင်း
အစုလိုက်အပြုံလိုက် အသတ်ခံရမှုမှ လွတ်မြောက်လာသူများကို ကုစားပေးရန် လိုအပ်နေ
DVB
·
February 10, 2025
အစုလိုက်အပြုံလိုက် အသတ်ခံရမှုမှ လွတ်မြောက်လာသူများကို ကုစားပေးရန် လိုအပ်နေ
Donate to DVB

မြန်မာနိုင်ငံအနှံ့က စစ်ကောင်စီတပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကြုံတွေ့ခဲ့ကြရတဲ့ ပြည်သူတွေဟာ နောက်ဆက်တွဲအနေနဲ့ စိတ်ပိုင်းဆိုင်ရာ ဝေဒနာတွေ ခံစားနေကြရပြီး သူတို့ရဲ့ နေ့စဉ်နေထိုင်မှုဘဝမှာပါ အခက်အခဲတွေ ကြုံနေကြရတယ်လို့ စစ်ဘေးရှောင်အ‌ရေး အကူအညီပေးနေသူတွေက ပြောကြပါတယ်။

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ လက်ထုတ္တောကျေးရွာမှာ ၂၀၂၄ ခုနှစ် မေ ၁၁ ရက်မှာ ကလေးငယ်နဲ့ သက်ကြီးရွယ်အိုတွေ အပါအဝင် အမျိုးသား ၃၄ ယောက်ကို စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့ပါတယ်။

မနက် ၅ နာရီအချိန်မှာ စစ်ကောင်စီတပ်သားတွေက လက်ထုတ္တောရွာထဲ စစ်ကြောင်းထိုး ဝင်ရောက်လာချိန်မှာ ဘုန်းကြီးကျောင်းထဲ ဝင်ရောက်ပုန်းခိုနေတဲ့ ကျေးရွာသားတွေကို  အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့တာပါ။

အဲဒီသတ်ဖြတ်ခံရမှုမှာ ဆွေမျိုး ၆ ယောက် သေဆုံးပြီး ဖြစ်စဉ်ကနေ ဒဏ်ရာတွေနဲ့ လွတ်မြောက်လာခဲ့တဲ့ အသက် ၅၀  ဝန်းကျင် အမျိုးသားတယောက်က သူကြုံနေရတဲ့ အခြေအနေတွေကို အခုလို ပြောပါတယ်။

“ယောကျ်ားလေးမှန်သမျှ သတ်မိန့်ပါတယ်၊ အကုန်ထွက်ကြ သတ်မှာ သတ်မှာ ဆိုပြီးခိုင်းတာ။ ယောကျ်ားလေးတွေ အကုန်ထွက်ကြတာပါ၊ အပြင်ဘက်လည်းရောက်‌ရော ပြောပြောဆိုဆိုပါ၊ လူစိတ်မရှိပါဘူး ဒီကောင်တွေ အကုန်လုံး အလုံးကြီးလိုက် အခဲကြီးလိုက် ထိုင်ခိုင်းပြီး သူတို့ ကြည့်လို့ဆိုပြီး ကောင်လေးတွေ အရင်သတ်ကြတာလေ။ ရွာကတော့ တယောက်မှ မရှိပါဘူး၊ နေရမှာ ကြောက်သွားတာလေ လူမဆန်စွာ လုပ်သွားတာကိုး။ အိပ်လို့လည်း ဘယ်ပျော်မှာတုံး၊ ဖြစ်ပြီးတော့မှ သွေးတွေကလည်းလန့်တော့ အနည်းဆုံး ၃ လလောက်က ဒါတွေပဲ မြင်ကြားနေရတာ။ ဆေးရုံတွေမှာ တက်ရတာလည်း ကြာတယ်လေ၊ ဒဏ်ရာရသေးတယ်လေ ခြေထောက်နဲ့လက်မှာ၊ အခုထိ ကျနော် ဒုက္ခိတဘဝနဲ့ ချိုင်းထောက်နဲ့ သွားနေရတုန်း။”

လက်ထုတ္တောသတ်ဖြတ်မှုမှာ သေဆုံးသူတွေထဲက ကိုထွန်းထွန်းဝင်းရဲ့ အမျိုးသမီးဖြစ်သူက သူ့အမျိုးသား သတ်ဖြတ်ခံရချိန်မှာ ကြုံတွေ့ခဲ့တဲ့ ထိတ်လန့်မှုတွေကြောင့် ညအိပ်မပျော်တာနဲ့ စိတ်မလုံခြုံမှုတွေ ခံစားနေရတယ်လို့ ပြောပြပါတယ်။

၂၀၂၄ ခုနှစ် အောက်တိုဘာလအတွင်းမှာလည်း ဘုတလင်မြို့နယ်ကို စစ်ကြောင်းထိုးတဲ့ စစ်ကောင်စီတပ်သားတွေက  စီပါကျေးရွာက အမျိုးသား ၆ ယောက်ကို သတ်ဖြတ်ခဲ့ပါတယ်။

စစ်ကောင်စီတပ်သားတွေက သေဆုံးသူတွေရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ဖြတ်တောက်ပြီး နေအိမ်ခြံစည်းရိုးမှာ ချိတ်ဆွဲတာနဲ့ မီးရှို့တာတွေ ပြုလုပ်ခဲ့ပါတယ်။

အဲဒီဖြစ်စဉ်မှာ သေဆုံးပြီး ခေါင်းဖြတ်ခံခဲ့ရတဲ့ အသက် ၆၀ အရွယ် ဦးကျောင်းပိုရဲ့ တူမဖြစ်သူက သူကြုံတွေ့ခဲ့ရတာတွေကို အခုလို ပြောပါတယ်။

“စစ်ကြောင်းထွက်သွားပြီး ပြန်ဝင်တဲ့အချိန်မှာ အိမ်ကလူလည်း မတွေ့တာနဲ့ လျှောက်ရှာရင်းနဲ့ တွေ့ခဲ့တာပဲ။ ဦးကျောင်းပို စစ်ပြေးတဲ့အချိန်မှာ လိုက်ရှာတာ ဘယ်မှာမှလည်း မတွေ့လို့ ရွာဝင်လို့ရတဲ့အချိန်မှ ရွာမှာလိုက်ရှာတာ၊ ရှာတဲ့အချိန်မှာပဲ တွေ့ခဲ့တာ။ သေတာတွေက စုစုပေါင်း ၆ ယောက်၊ ကျမဦးလေးကတော့ ခေါင်းဖြတ်တဲ့အထဲ ပါသွားတယ်။ တုန်လှုပ်တာပေါ့၊ ကိုယ့်မိသားစုဝင်တယောက် ဆုံးရှုံးလိုက်ရတာ၊ ဒီအဖြစ်ဆိုးကြီးနဲ့ ကြုံတွေ့ခဲ့ရတာဆိုတော့ မခံမရပ်နိုင်အောင် ခံစားရပါတယ်၊ မပြောပြနိုင်‌အောင် ဝမ်းနည်းရပါတယ်၊ ဒီအကြောင်းပြောရင် အသစ်ဖြစ်တယ်၊ ဘယ်အချိန်ပဲ ပြောရပြောရ အခုဖြစ်နေသလိုကို ပြန်ခံစားရတယ်။”

စစ်တပ်က ကျူးလွန်ခဲ့တဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေကို ကြုံတွေ့ခဲ့ရတဲ့ ပြည်သူတွေဟာ ထိတ်လန့်မှုတွေဖြစ်ပြီး ဆွေးနွေးညှိနှိုင်းတဲ့ ကုသမှုကို လိုအပ်နေကာ အဲဒီလူတွေအတွက် ကာကွယ်ရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနတွေအနေနဲ့ မြေပြင်မှာ ဆွေးနွေးညှိနှိုင်းမှုတွေ ဆောင်ရွက်နေသလို အွန်လိုင်းကနေလည်း telehealth ဝန်ဆောင်မှုတွေကို ကျွမ်းကျင် စိတ်ပညာရှင်တွေနဲ့အတူ ပေးအပ်နေတယ်လို့ NUG သမ္မတရုံး ပြော‌ရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြောပါတယ်။

“ကျနော်တို့ အဓိကကြုံနေရတဲ့ စိန်ခေါ်မှုက လေကြောင်းတိုက်ခိုက်မှုဒဏ် ခံလိုက်ရတဲ့ ပြည်သူတွေကို ဆွေးနွေးတိုင်ပင်တဲ့ ဝန်ဆောင်မှု ပေးနေတုန်းမှာပဲ ထပ်မံတိုက်ခိုက်ခံရတာပါ။ ဆိုတော့ အဆိုးသံသရာကြီး ဖြစ်နေတာပေါ့။ ကျနော်တွေ့ဖူးတဲ့ ဆေးပညာရှင်တချို့ဆိုရင် စစ်တပ်က ကျူးလွန်ခဲ့တဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေကို ကြုံတွေ့ရတဲ့အတွက် ထိတ်လန့်မှုတွေဖြစ်ပြီး သူတို့ကိုယ်တိုင်က ဆွေးနွေးညှိနှိုင်းတဲ့ ကုသမှုကို လိုအပ်လာပါတယ်။ တကယ်ကို ဝမ်းနည်းစရာကောင်းပါတယ်။ စိတ်ပညာရှင်တွေကိုယ်တိုင်က စိတ်ပညာကုသမှု လိုအပ်လာတဲ့အထိ ဒီရက်စက်ကြမ်းကြုတ်မှုတွေက ဆိုးရွားလှပါတယ်။ စစ်အာဏာရှင် ကျဆုံးသွားတော့မှသာ ဒါတွေ အဆုံးသတ်သွားမှာပါ။ ဒါကြောင့်လည်း ကျနော်တို့အနေနဲ့ ပိုမိုကြိုးပမ်းနေကြခြင်း ဖြစ်ပါတယ်။”
လူ ၅ ယောက်နဲ့အထက် သတ်ဖြတ်ခံရတဲ့ အမှုတွေကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရမှုလို့ခေါ်ပြီး စစ်အာဏာသိမ်းစကနေ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၀ ရက်အထိ မြန်မာနိုင်ငံအနှံ့အပြားမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုပေါင်း ၂၉၃ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။

သတ်ဖြတ်ခံရမှုကြောင့် ကလေးငယ် ၂၈၈ ယောက် အပါအဝင် ပြည်သူ ၃,၁၈၈ ယောက် သေဆုံးခဲ့တယ်လို့ DVB ရဲ့ စာရင်းတွေအရ သိရပါတယ်။

သီရိ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013