
မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်၊ ရတနာမာရန်အောင်နယ်မြေကအိမ်တလုံးမှာ အရိုက်ခံရပြီး သေဆုံးနေတဲ့ ကလေးတယောက်ရဲ့ ရုပ်အလောင်းကို ဖေဖော်ဝါရီ ၈ ရက် မနက် ၁၀ နာရီခွဲကျော်က တွေ့ရှိခဲ့တယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။
သေဆုံးသူဟာ အသက် တနှစ်ခွဲအရွယ် မိန်းကလေးငယ်ဖြစ်ပြီး ဖေဖော်ဝါရီ ၆ ရက် ညပိုင်းကတည်းက အသက် ၂၅ နှစ်အရွယ် မိခင်ဖြစ်သူရဲ့ ရိုက်နှက်တာကိုခံခဲ့ရပြီး နောက်တနေ့မှာ အိပ်ယာထဲ လဲနေတာ ဖြစ်ပါတယ်။
သေဆုံးကလေးငယ်ရဲ့ မိခင်ဖြစ်သူဟာ အသက် ၃၅ နှစ်ကျော်အရွယ် အမျိုးသား ၁ ယောက်နဲ့ နောက်အိမ်ထောင်ပြုထားတာဖြစ်ပြီး မျက်မြင်တွေ့ရှိသူတွေရဲ့ပြောပြချက်အရ ပြီးခဲ့တဲ့ ဇန်နဝါရီလလောက်ကတည်းက မကြာခဏရိုက်နှက်ခံနေရတာလို့ သိရပါတယ်။

ကယ်ဆယ်ရေးအဖွဲ့ဝင်တယောက်က “အပိုင် ၄ ထဲမှာ ဖြစ်တာ။ ကလေးက တနှစ်နဲ့ ၇ လသမီး။ မျက်နှာတွေ ဖူးယောင်ဒဏ်ရာ၊ လက်မောင်းနဲ့ ကျောကုန်းဘက်လည်း ညိုမဲဒဏ်ရာ ရထားတယ်။ သူ့မိဘတွေက ပလုံကောက်တာ။ လောလောဆယ် ၂ ယောက်စလုံး ရဲစခန်းမှာ” လို့ ပြောပါတယ်။
ကလေးမိဘတော်စပ်သူ ၂ ယောက်လုံးကို မိတ္ထီလာရဲစခန်းမှာ ဖမ်းဆီးစစ်ဆေးနေတယ်လို့ သိရပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၆ ရက် မနက်ပိုင်းကလည်း မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့၊ ဟံသာဝတီရပ်ကွက်၊ ရှမ်းဘုရားအနီးက နေအိမ်တလုံးမှာ အသက် ၆ နှစ်အရွယ် မိန်းကလေးကို အဒေါ်တော်စပ်သူက တံမြက်စည်းနဲ့ ရိုက်နှက်လို့ သေဆုံးခဲ့ပါသေးတယ်။
Photo - လူမှုကူညီရေးအသင်း










