
၂၀၃၂ မှာ ကမ္ဘာကို ဥက္ကာပျံတိုက်မယ့်အန္တရာယ် နည်းနည်းရှိတယ်လို့ ဥရောပ အာကာသအေဂျင်စီက ပြောပါတယ်။
Asteroid 2024 YR4 လို့ နာမည်ပေးထားတဲ့ ဥက္ကာပျံဟာ ၂၀၃၂ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်မှာ ဖြတ်သန်းမှာဖြစ်ပြီး ကမ္ဘာက ၉၉ ရာခိုင်နှုန်း အန္တရာယ်ကင်းတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ၁ ရာခိုင်နှုန်းကတော့ ကမ္ဘာကို ထိခိုက်မှာလားဆိုတာတော့ သေချာပေါက် မပြောနိုင်သေးပါဘူး။
ဒီဥက္ကာခဲအန္တရာယ်ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတုန်းက ချီလီနိုင်ငံမှာရှိတဲ့ နက္ခတ်ကြည့်မှန်ပြောင်းကနေ နောက်ဆုံးသတိပေးမှုအဖြစ် တွေ့ရှိခဲ့တာပါ။
လက်ရှိမှာတော့ ဥက္ကာပျံဟာ ကမ္ဘာကနေဝေးရာကို ရွေ့လျားနေပြီး ၂၀၂၈ ခုနှစ်မှာ ပြန်လာမှာဖြစ်ပါတယ်။
“လေ့လာမှုတွေအပြီး ကျနော်တို့ တိုင်းတာမှုတွေ ပိုပြီးလုပ်ဆောင်ဖို့ စတင်နေပါတယ်။ ဒီဥက္ကာခဲကို ပိုပြီးလေ့လာမှုနဲ့ အမြန်ဆုံး ပြန်တွေ့ရဖို့တွေလည်း ဒီထဲမှာ ပါပါတယ်။ ပြောရမယ်ဆိုရင် ဥက္ကာခဲဟာ ၂၀၃၂ ဒီဇင်ဘာလမှာ ကမ္ဘာကို ပြန်လာဖို့ရှိပြီး ထိခိုက်မှုတွေရှိမလား ဆိုတာလည်း လေ့လာရမှာပါ” လို့ အာကာသလေ့လာရေးအဖွဲ့ တာဝန်ရှိသူ ကာနိုက ပြောပါတယ်။
ကျည်ဆန်ထက် ၁၅ ဆ ပိုမြန်တဲ့ အရှိန်နဲ့သွားနေတဲ့ ဥက္ကာခဲရဲ့သိပ်သည်းဆနဲ့ ဘယ်လို ဥက္ကာခဲလဲဆိုတာ မသိရသေးပေမဲ့ ၁၃၁ ပေကနေ ၂၉၅ ပေအတွင်းမှာ ရှိမယ်လို့ ခန့်မှန်းထားပါတယ်။
ဒီဥက္ကာခဲရဲ့ အရွယ်အစားနဲ့ လမ်းကြောင်းကို ပိုပြီး နားလည်နိုင်ဖို့ နက္ခတ်ပညာရှင်တွေဟာ ဇန်နဝါရီလအစောပိုင်းကတည်းက ကမ္ဘာတဝန်းလုံးမှာရှိတဲ့ နက္ခတ်ကြည့်မှန်ပြောင်းတွေကို အသုံးပြုပြီး လေ့လာမှုတွေ ပြုလုပ်ခဲ့ပါတယ်။
၂၀၂၅ ဇန်နဝါရီ ၂၉ ရက်နေ့မှာ ဥရောပအာကာသအေဂျင်စီရဲ့ ခန့်မှန်းချက်အရ ဥက္ကာခဲဟာ ၂၀၃၂ ဒီဇင်ဘာ ၂၂ ရက်မှာ ကမ္ဘာကိုရောက်ဖွယ်ရှိပြီး ထိခိုက်နိုင်မှု ရာခိုင်နှုန်း ၁ ဒသမ ၂ ရှိမယ်လို့ ဖော်ပြပါတယ်။
Source: Reuters











