DVB Logo
Home
မြန်မာသတင်း
အမျိုးသမီးစစ်မှုထမ်းများ မခေါ်သေးဟု စစ်ကောင်စီ ပြောသော်လည်း မိုးဗြဲတိုက်ပွဲ၌ အမျိုးသမီးများ ပါဝင်နေ
DVB
·
February 9, 2025
အမျိုးသမီးစစ်မှုထမ်းများ မခေါ်သေးဟု စစ်ကောင်စီ ပြောသော်လည်း မိုးဗြဲတိုက်ပွဲ၌ အမျိုးသမီးများ ပါဝင်နေ
Donate to DVB

အမျိုးသမီးတွေကို စစ်မှုထမ်းဖို့အတွက် မခေါ်သေးဘူးလို့ စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောနေပေမဲ့ ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့နားက တိုက်ပွဲတွေမှာ ပြည်သူ့စစ်လို့ ယူဆရတဲ့ စစ်သမီးတွေကို တွေ့ရတယ်လို့ မြေပြင်ကရဲဘော်တွေက ပြောပါတယ်။

‌ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေတွေကို ပြီးခဲ့တဲ့ဇန်နဝါရီလအတွင်း စစ်ကောင်စီက အတည်ပြုခဲ့ပြီးတဲ့နောက်ပိုင်းမှာ အမျိုးသမီးတွေကို စစ်မှုထမ်းအဖြစ် ခေါ်ယူတော့မယ်လို့ သတင်းတွေထွက်ခဲ့ပြီး ရန်ကုန်တိုင်းက မြို့နယ်တချို့ရဲ့ ရပ်ကွက်ရုံးတွေမှာ အမျိုးသမီး‌စစ်မှုထမ်း အကျုံးဝင်သူစာရင်းတွေကို ကပ်ထားတယ်လို့ ဒေသခံအချို့က ပြောဆိုကြပါတယ်။

ပြီးတော့ မြို့နယ်တချို့မှာ စစ်မှုထမ်းဖို့ အမျိုးသမီးစာရင်းကောက်နေတာရှိတယ်လို့ DVB က စုံစမ်းသိရှိထားပါတယ်။

ဒါတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီနဲ့အဆင်ပြေတဲ့ သတင်းမီဒီယာတွေက မေးမြန်းတာကို ဖေဖော်ဝါရီ ၇ ရက်နေ့မှာ ဗိုလ်ချုပ်ဇော်မင်းထွန်းက “ကျနော့်အနေနဲ့ အတိအလင်း ပြောလိုတာကတော့ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေမှာ အမျိုးသမီးများ စစ်မှုထမ်းရန်အတွက် အကျုံးဝင်သော်လည်း အမျိုးသမီးပြည်သူ့စစ်မှုထမ်းများကို ဆင့်ခေါ်ရန် အစီအစဉ်မရှိသေးဘူးလို့ ကျနော့်အနေနဲ့ ပြောကြားလိုပါတယ်” လို့  ပြောပါတယ်။

ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာ ကိစ္စပ်ရပ်တွေနဲ့ပတ်သက်လို့ မသမာမှုတွေကို သတင်းပေး တိုင်ကြားတာတွေရှိပြီး စုံစမ်းမေးမြန်းတာ၊ အရေးယူတာတွေ လုပ်ခဲ့ပြီးဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

ဒါပေမဲ့လည်း ရန်ကုန်၊ နေပြည်တော် အပါအဝင် ဒေသတော်တော်များများမှာ စစ်မှုထမ်း ခေါ်ယူတာနဲ့ ပတ်သက်ပြီး ဝေဖန်တာတွေကတော့ ရှိနေဆဲ ဖြစ်ပါတယ်။

ပြည်သူ့စစ်မှုထမ်းသင်တန်း‌အမှတ်စဉ် ၁ ကို ၂၀၂၄ ခုနှစ် ဧပြီလမှာ စတင်ဖွင့်လှစ်ခဲ့ပြီး လက်ရှိမှာ သင်တန်းအမှတ်စဉ် ၉ အထိ ဖွင့်လှစ်ပြီး ဖြစ်ပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲနားကတိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ပြည်သူ့စစ်လို့ယူဆရတဲ့ စစ်သမီးတွေကိုလည်း အသုံးပြုတာတွေရှိတယ်လို့ မြေပြင်ကရဲဘော်တွေက ဖေဖော်ဝါရီ ၈ ရက်မှာ ပြောပါတယ်။

ဖေဖော်ဝါရီ ၅ ရက်က တိုက်ပွဲမှာ စစ်ကောင်စီတပ်အတွက် တိုက်ခိုက်ပေးနေသူတွေထဲ အမျိုးသမီး ၅ ယောက်၊ ၆ ယောက် ပါဝင်တယ်လို့ ဆိုပါတယ်။

မြေပြင်ရဲဘော်တယောက်က “MA 2 တောင် ကိုင်ပြီးတော့ပစ်တာ။ အော်သံလည်း ကြားတာ၊ မိုက်ရင်ထွက်ခဲ့ ဆိုတဲ့ပုံစံမျိုးပေါ့။ ပစ်တဲ့အချိန်လည်း မြင်နေရတယ်။ ဘာလို့လဲဆိုရင် သူတို့ ဦးထုပ်မဆောင်းဘူးလေ၊ ဆံပင်အဝါနဲ့တွေလည်း ပါတယ်” လို့ ပြောပါတယ်။

အဲဒီအမျိုးသမီးတွေဟာ စစ်ကောင်စီတပ်ကို ထောက်ခံတဲ့ ပြည်သူ့စစ် ဒါမှမဟုတ် စစ်သားတွေရဲ့ ဇနီးသည်တွေ၊ စစ်တပ်ထောက်ခံသူတွေ ဖြစ်မယ်လို့ ယူဆမိကြောင်းလည်း ပြောပါတယ်။

စစ်သမီးတွေရဲ့ရှေ့နားမှာ စစ်သားတွေလည်း ရှိနေပြီး တော်လှန်ရေးအင်အားစုက ပစ်နေချိန်မှာတော့ နောက်ဆုတ် ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။

နောက်ထပ်ရဲဘော်တယောက်က “သူတို့ အော်ဆဲနေတော့ ကျနော်တို့လည်း ပစ်တာပေါ့။ ထမင်းချက် ဘာချက်လားတော့ မသိဘူးပေါ့။ စစ်မြေပြင်ရောက်ရင်တော့ ပစ်ရမှာပဲ။ ကိုယ်စီ သေနတ်ကိုင်နေရတာပဲလေ” လို့ ပြောပါတယ်။

မိုးဗြဲမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတွေကြား ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်တာတွေ၊ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေလည်း ပြုလုပ်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013