
တိုင်းရင်းသားအားလုံး ရည်မှန်းတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို အတူဖော်ဆောင်ကြဖို့ ရှမ်းတိုင်းရင်းသားအဖွဲ့တွေက ဖေဖော်ဝါရီ ၇ ရက် ဒီနေ့ ကျရောက်တဲ့ ၇၈ နှစ်မြောက် ရှမ်းအမျိုးသားနေ့(ရှမ်းပြည်နယ်နေ့)မှာ တိုက်တွန်းလိုက်ပါတယ်။
သမိုင်းဝင် ပင်လုံညီလာခံကျင်းပခဲ့တဲ့ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်ကနေ ၁၂ ရက်နေ့အတွင်း ဖေဖော်ဝါရီ ၇ ရက်ကို ရှမ်းပြည်နယ်နေ့ (ရှမ်းအမျိုးသားနေ့) အဖြစ်သတ်မှတ်ခဲ့ရာမှာ အခုဆိုရင် ၇၈ နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။
ပြည်ထောင်စုနေ့မတိုင်မီ ၅ ရက် ဖေဖော်ဝါရီ ၇ ရက်မှာ ရှမ်းစော်ဘွားတွေအနေနဲ့ ပြည်သူလူထု စည်းလုံးညီညွတ်မှုနဲ့ အောင်ပွဲခံခဲ့တာကို အကြောင်းပြုပြီး ဝါ စိမ်း နီပါတဲ့ ရှမ်းတိုင်းရင်းသားတို့ရဲ့ ကိုယ်ပိုင်အလံနဲ့ ရှမ်းအမျိုးသားသီချင်းတို့ကိုလည်း သတ်မှတ်ခဲ့ကြ ပါတယ်။
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD)ကလည်း ရှမ်းတမျိုးသားလုံးရဲ့ စည်းလုံး ညီညွတ်ရေးကို သတိရဖို့နဲ့ ပြန်တည်ဆောက်ကြဖို့ ရည်ရွယ်ချက်နဲ့ ရန်ကုန် ရုံးချုပ်မှာ ရှမ်းအမျိုးသားနေ့ အခမ်းအနားကို ကျင်းပခဲ့ပါတယ်။
SNLD ဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်က “ဒီလိုနေ့ကိုကျင်းပခြင်းအားဖြင့် စည်းလုံးညီညွတ်ရေးကို သတိရဖို့ ပြန်ပြီးတည်ဆောက်ကြဖို့ ပြည်ထောင်စုနေ့ရဲ့ အခြေခံအုပ်မြစ်ဖြစ်တဲ့အတွက် ပြည်ထောင်စုမပြိုကွဲအောင် ဘယ်လိုလုပ်ကြမလဲ၊ အဲလိုမျိုးတွေ လှုံဆော်ကြတာပေါ့။ ပြောမယ်ဆိုရင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်ဖို့ဆိုတာက အားလုံးမှာတာဝန်ရှိတယ်။ မြန်မာပြည်မှာဆို အခုအားလုံးသိတဲ့အတိုင်း သဘောထားတွေ အမျိုးမျိုးဖြစ်နေကြတယ်။ မတူကွဲပြားတဲ့ သဘောထားတွေ အများကြီးရှိတယ်။ သို့သော် တူညီတဲ့ သဘောထား အများစု တူညီတဲ့ သဘောထားကတော့ ဖက်ဒရယ်ဒီမိုကရေစီပ ပြည်ထောင်စု ထူထောင်မယ်ဆိုတဲ့ကြွေးကြော်သံတွေ ရည်မှန်းချက်တွေကတော့ အားလုံးတူတယ်ပေါ့။ ဆိုတော့ ဒီဟာက အပြောနဲ့မဟုတ်ဘူး လက်တွေ့ ဘယ်လိုဆောင်ရွက်ကြမလဲဆိုတာ လုပ်ဆောင်ချက် တွေက ပိုအရေးကြီးတယ်။ ဒါကို အလေးပေးစဉ်းစားသင့်တယ်။ ဆောင်ရွက်ဖို့လည်း ကြိုးစားသင့်တယ်”လို့ ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း ၇၈ နှစ်မြောက် ရှမ်းပြည်အမျိုးသားနေ့အတွက် သဝဏ်လွှာကို ထုတ်ပြန်ပါတယ်။
လွတ်လပ်ရေးရပြီးချိန်ကနေ နွေဦးတော်လှန်ရေးအထိတိုင်အောင် ပါဝင်ခဲ့ကြတဲ့ ရှမ်းအမျိုးသား သူရဲကောင်းတွေကို ဂုဏ်ပြုဦးညွှတ်မှတ်တမ်းတင်းကြောင်းနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက် ဖို့အတွက် ရှမ်းတိုင်းရင်းသားလူမျိုးစုများအားလုံးကို NUG က ပူးပေါင်းလက်တွဲဖို့ ဖိတ်ခေါ် ထားပါတယ်။
ရှမ်းအရပ်ဖက်လူငယ်အဖွဲ့တွေကလည်း ဘုံရန်သူကို တိုက်ထုတ်ဖို့ ပြည်သူတွေကို ကာကွယ်ဖို့ စတဲ့ တောင်းဆိုချက် ၇ ချက်ပါတဲ့ ပူးတွဲထုတ်ပြန်ချက်ကိုလည်း ၇၈ နှစ်ပြည့် ရှမ်းအမျိုးသားနေ့မှာ ထုတ်ပြန်ပါတယ်။
သျှမ်းကျောင်းသားသမဂ္ဂ အလုပ်မှုဆောင်အဖွဲ့ဝင် ယိင်းမွေလျန်းက “ကျမတို့ရဲ့ ရှမ်းလူငယ်အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ နိုင်ငံရေးသဘောထားရပ်တည်ချက်ပေါ့။ ကျမတို့လည်း ဖက်ဒရယ်ဒီမိုကရေစီကို လိုလားတယ်။ စစ်အာဏာရှင်စနစ်ပြုတ်ကျရေး ကျမတို့ လိုလားတယ်ဆိုတာကို ကျမတို့ ဒီနေ့မှာ ထုတ်ပြန်ရတာပါ။ အဓိက ကတော့ ဘုံရန်သူကို မမေ့ကြဖို့၊ ရှမ်းပြည်မှာရှိတဲ့ အဖွဲ့အစည်းတွေကို အကြိမ်ကြိမ် ကိုယ့်ဒေသ ကိုယ့်နယ်မြေဆိုတာမျိုးထက် ဘုံရန်သူကို မမေ့ကြဖို့ပါ။ တချိန်က ရှမ်းပြည်ထောင်စုကို ထူထောင်ခဲ့ကြတဲ့ စည်းလုံးညီညွတ်မှုကို မမေ့ကြဖို့ ပြောချင်တယ် တောင်းဆိုချင်တယ်”လို့ ပြောပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်ကတော့ လက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းဖို့ တိုင်းရင်းသား လက်နက်ကိုင်တွေအနေနဲ့ နိုင်ငံရေးနည်းလမ်းအရ တွေ့ဆုံဆွေးနွေးဖို့ ထပ်မံတိုက်တွန်းကြောင်း ရှမ်းပြည်နယ်နေ့အတွက် ပေးပို့တဲ့ သဝဏ်လွှာမှာ ထည့်သွင်းပြောဆိုထားပါတယ်။
ဖေဖော်ဝါရီ ၆ ရက်တုန်းကတော့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) က တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) အထိမ်းအမှတ် ကျောက်တိုင်ဖွင့်ပွဲနဲ့ ရှမ်းအမျိုးသားနေ့ကို မိုင်းပန်မြိုနယ် နားဆာလေးကျေးရွာမှာ ကျင်းပခဲ့ပြီး RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးရွက်ဆစ်တက်ရောက်ကာ ရှမ်းအမျိုးသားနေ့ အထိမ်းအမှတ် မိန့်ခွန်းပြောကြားခဲ့ပါတယ်၊
ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA က ဌာနချုပ် ဝမ်ဟိုင်း စစ်သင်တန်းကျောင်းမှာ ဖေဖော်ဝါရီ ၇ ရက်မှာ ကျင်းပခဲ့ပြီး လီစူး ၊ လားဟူ ၊ မြောင်ဇီး အစရှိတဲ့ ရှမ်းပြည်တိုင်းရင်းသားတွေ ပါဝင်ဆင်နွှဲခဲ့ကြတယ်လို့ SSPP/SSA ကထုတ်ပြန်ထားပါတယ်။
ဝေဝေ











