
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်က ဒေသခံတွေ အသုံးပြုနေတဲ့ တံတားတစင်းကို စစ်ကောင်စီက မိုင်းခွဲဖျက်ဆီးခဲ့ပြီး စစ်တပ်ရဲ့လက်နက်ကြီးကြောင့် ဒေသခံ အမျိုးသားတယောက် ထိခိုက်ဒဏ်ရာ ရခဲ့သလို နေအိမ်တလုံးလည်း ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖေဖော်ဝါရီ ၄ ရက် မနက်ပိုင်းက ဂန့်ဂေါမြို့ ခလရ ၅၀ က စစ်ကောင်စီအင်အား ၁၀၀ ဝန်းကျင်က ဂန့်ဂေါအနောက်ပိုင်း ကျေးရွာတွေဘက်ကို စစ်ကြောင်းထိုးခဲ့ရာ ဒေသကာကွယ်ရေးတပ်နဲ့ တိုက်ပွဲဖြစ်ပြီး အောင်မြင်ရွာနဲ့ လုံခြုံရွာကြားက ညည်းချောင်းတံတားကို မိုင်းခွဲဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ တောက်လျှောက်ပစ်ခတ်ခဲ့တာကြောင့် ကျည်စထိမှန်ပြီး ရှုံးရှီရွာက အသက် ၅၀ ကျော်အရွယ် အမျိုးသားတယောက် ထိခိုက်ဒဏ်ရာရခဲ့ကာ နေအိမ်သွပ်မိုးတွေလည်း ပျက်စီးသွားခဲ့တယ်လို့ ဂန့်ဂေါနယ်သား ကိုမောင်မောင်စိုးက ပြောပါတယ်။
အဆိုပါ ညည်းချောင်းတံတားကို စစ်ကောင်စီက ဖျက်ဆီးလိုက်တဲ့အတွက် ဒေသခံတွေဟာ တခြားကွင်းလမ်းတံတားတွေကနေ ဂန့်ဂေါမြို့ပေါ်ကို သွားလာနေရတဲ့အတွက် လမ်းခရီး ကြန့်ကြာမှု အခက်အခဲတွေ ရှိနေပါတယ်။
စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ကြား ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရတာတွေ ရှိခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေဘက်က ပြောထားပေမဲ့ နှစ်ဖက်ထိခိုက်မှု အခြေအနေကိုတော့ DVB က သီးခြားအတည်မပြုနိုင်သေးပါဘူး။
လက်ရှိမှာ စစ်ကောင်စီစစ်ကြောင်းဟာ ဂန့်ဂေါမြို့အတွင်းကို ဆုတ်ခွာသွားပြီဖြစ်ပြီး စစ်တပ်ရဲ့ စစ်ကြောင်းကြောင့် အောင်မြင်ရွာ၊ ပျားရွာ၊ အနောက်ဂန့်ဂေါရွာနဲ့ ရှုံးရှီရွာက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။
စစ်ကောင်စီကတော့ အခုနှစ်ဆန်းပိုင်းမှာ မြို့တွင်းမြို့ပြင် ကျေးရွားချင်းဆက်သွယ်ထားတဲ့ လမ်း၊ တံတားတွေကို ဖျက်ဆီးတာတွေ လုပ်လေ့ရှိပြီး ဇန်နဝါရီ ၆ ရက်ကလည်း စစ်ကိုင်းတိုင်း၊ ကလေးမြို့ အဝင်အထွက်လမ်းကို မြေတူးစက်နဲ့ ဖျက်ဆီးခဲ့ပါသေးတယ်။