DVB Logo
Home
မြန်မာသတင်း
ထိုင်းက လောင်စာဆီဖြတ်မည့် သတင်းကြောင့် မြန်မာနယ်စပ်မြို့ ဆီဆိုင်များတွင် အလုအယက် ဝယ်ယူနေ
DVB
·
February 5, 2025
ထိုင်းက လောင်စာဆီဖြတ်မည့် သတင်းကြောင့် မြန်မာနယ်စပ်မြို့ ဆီဆိုင်များတွင် အလုအယက် ဝယ်ယူနေ
1 / 2
Donate to DVB

မြန်မာနယ်စပ်မြို့တချို့ကို  ထိုင်းနိုင်ငံက လျှပ်စစ်မီး ဖြတ်တောက်ပြီးနောက် လောင်စာဆီပါ ဖြတ်တောက်မယ်ဆိုတဲ့ သတင်းတွေကြောင့် ထိုင်းနယ်စပ် မြဝတီနဲ့ တာချီလိတ်မြို့တွေမှာ ဖွင့်လှစ်ထားတဲ့ စက်သုံးဆီ အရောင်းဆိုင်တွေမှာ ဆီကို အလုအယက် တန်းစီဝယ်ယူနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ထိုင်းအာဏာပိုင်တွေဘက်က လျှပ်စစ်မီးဖြတ်တောက်ပြီးနောက် မြန်မာနိုင်ငံနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့နေ ပြည်သူတွေဟာ စက်သုံးဆီ ကြိုတင်စုဆောင်းတာတွေ လုပ်လာတာလို့ ဆိုပါတယ်။

ရုတ်တရက် လျှပ်စစ်မီးနဲ့ လောင်စာဆီ ဖြတ်တောက်ခံရတော့မယ်ဆိုလို့ စက်သုံးဆီကို ရအောင်ရှာဝယ်ရတော့မယ်လို့ မြဝတီမြို့ခံတယောက်က ပြောပါတယ်။

မြဝတီမြို့ကို တင်ပို့နေတဲ့ စက်သုံးဆီအမျိုးမျိုးကို ထိုင်းအစိုးရက ရပ်နားထားလိုက်ပြီလို့ ထိုင်းနိုင်ငံ မဲဆောက်မြို့က စက်သုံးဆီရောင်းချနေသူတွေထံက သိရပါတယ်။

ဒီနေ့မနက်ပိုင်းကစပြီး စက်သုံးဆီတင်သွင်းမှုကို ထိုင်းအစိုးရက ရပ်နားလိုက်တာဖြစ်တဲ့အတွက် လက်ကျန်အချို့ကိုသာ လက်လီ ရောင်းချပေးနေပြီး လက်ကားရောင်းချမှု မပြုတော့ဘူးလို့ ဆိုပါတယ်။

စက်သုံးဆီရောင်းချ‌နေသူတယောက်က “အခုမနက် ၉ နာရီလောက်က သူဌေးဆီက ဖုန်းဝင်လာတာ၊ ပေပါနဲ့ဆို မရောင်းပေးတော့ဘူး၊ ကားနဲ့ ဆိုင်ကယ် ဖြည့်ဆီလောက်တော့ ရောင်းပေးတယ်” လို့ DVB ကို ပြောပါတယ်။

အရင်က မြဝတီမြို့မှာ ရောင်းချနေတဲ့ စက်သုံးဆီတွေကို ထိုင်းနိုင်ငံနယ်စပ်မှ ပိုက်လိုင်းတွေနဲ့ မှောင်ခိုဈေးကွက်ကနေ တင်ပို့ပေးနေတာဖြစ်ပြီး အဲဒီလိုတင်သွင်းမှု အားလုံးကို ရပ်နားထားလိုက်ကာ နယ်စပ်တံတားမှ အခွန်ဆောင်ကာ တင်သွင်းနိုင်ဖို့ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

စက်သုံးဆီတင်သွင်းခွင့် ရပ်နားထားလိုက်တဲ့အတွက် မြဝတီမှာ ဆီဈေး ၁ ပေပါကို ၇၀,၀၀၀ ကျပ် မြင့်တက်သွားပြီး ဆီရရှိပေါ်မူတည်ကာ ထပ်မံ  ဈေးတက်နိုင်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဆီဆိုင်တွေက ကျပ် ၃၀၀၀၀ ဖိုးထက် ပိုပြီးမရောင်းတော့တာနဲ့  ဆီဆိုင်တချို့ ပိတ်ထားတာတွေ ရှိနေတယ်လို့လည်း သိရပါတယ်။ 

အလားတူ ထိုင်းနယ်စပ် ရှမ်းပြည်နယ် တာချီလိတ်မြို့မှာလည်း လောင်စာဆီ ဖြတ်တောက်မယ်ဆိုတဲ့ သတင်းတွေကြောင့် ဆီဆိုင်တွေမှာ စက်သုံးဆီကို အလုအယက် ဝယ်ယူနေကြတယ်လို့ တာချီလိတ်မှာနေထိုင်တဲ့ ဒေသခံတယောက်က ပြောပါတယ်။

“ဆီတန်းစီနေကြတယ် ကြားလို့ ခု ဆီသွားတိုးတာ လူတန်းရှည်ကြီးတော့ ဖြစ်နေတယ်။ ဆီဝယ် ရ၊ မရကတော့ မသိရသေးဘူး။ ခု ဆီဆိုင်ကို ကျနော် ရောက်နေတယ်။ ထိုင်း-မြန်မာနယ်စပ်ဖြစ်တဲ့ မြဝတီ၊ တာချီလိတ်၊ ဘုရားသုံးဆူဘက်ကို လောင်စာဆီပါ ဖြတ်တောက်တာတွေ ​လုပ်တော့မယ် ဆိုတဲ့ သတင်းတွေကြောင့် စက်သုံးဆီကို အလုအယက် ဝယ်ယူနေကြရတာ။”

ကျားဖြန့်နှိမ်နင်းရေးအတွက် ထိုင်းအစိုးရက မြန်မာနိုင်ငံနယ်စပ်ဒေသ ၅ နေရာကို  လျှပ်စစ်မီး၊ အင်တာနက်နဲ့ လောင်စာဆီပေးပို့မှု ရပ်ဆိုင်းတော့မယ်လို့ ဖေဖော်ဝါရီ ၄ ရက်က သတင်းထုတ်ပြန်ပြီး နောက်တရက်မှာပဲ စက်သုံးဆီ တင်ပို့မှုကိုလည်း ရပ်ဆိုင်းလိုက်တာပါ။

ထိုင်းနိုင်ငံနဲ့ နယ်စပ် မြန်မာနိုင်ငံဘက်က နေရာ ၅ ခုကို လျှပ်စစ်ဓာတ်အား ဖြတ်တောက်မှုကြောင့် တနှစ်ကို ဘတ်ငွေ သန်း ၆၀၀ ထိ ဆုံးရှုံးနိုင်တဲ့အကြောင်း Thai PBS World သတင်းမှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013