DVB Logo
Home
မြန်မာသတင်း
စီပါရွာ၌ လူသတ်ခေါင်းဖြတ်မှုကျူးလွန်ခဲ့သည့် စစ်တပ်ကို  အရေးယူရန် ICC ထံတောင်းဆို
DVB
·
February 5, 2025
စီပါရွာ၌ လူသတ်ခေါင်းဖြတ်မှုကျူးလွန်ခဲ့သည့် စစ်တပ်ကို  အရေးယူရန် ICC ထံတောင်းဆို
Donate to DVB

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ စီပါကျေးရွာမှာ  အရပ်သားပြည်သူတွေကို ခေါင်းနဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ ဖြတ်တောက်ကာ သတ်ဖြတ်ခဲ့တဲ့ စစ်ကောင်စီတပ်ကို အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုတရားရုံး (ICC) မှာ  အရေးယူဖို့  Fortify Right အဖွဲ့က ဖေဖော်ဝါရီ ၄ ရက်မှာ တောင်းဆိုလိုက်ပါတယ်။

၂၀၂၄ ခုနှစ်‌ အောက်တိုဘာလအတွင်း ဖြစ်ပွားခဲ့တဲ့ အဲဒီလူသတ်မှုမှာ စစ်ကောင်စီတပ်က စိတ်ဓာတ်စစ်ဆင်ရေးအနေနဲ့ အရပ်သားပြည်သူ ၆ ယောက်ကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကာ ၃ ယောက်ကို  ခေါင်းဖြတ်ခံထားရပြီး ခေါင်းတွေကို ခြံစည်းရိုးမှာ ချိတ်ဆွဲခဲ့တာပါ။

ICC အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ မြန်မာအာဏာသိမ်းစစ်အုပ်စုရဲ့ သွေးဆာနေတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို အဆုံးသတ်ဖို့ ခြေလှမ်းတွေ စရတော့မှာဖြစ်တယ်လို့  Fortify Rights အဖွဲ့ လူ့အခွင့်အရေးဆိုင်ရာ စုံစမ်းစစ်ဆေးရေးတာဝန်ခံ စိုင်းအာကာက ထုတ်ပြန် ပြောပါတယ်။

“ဒီလို လူမဆန်တဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ပြည်သူတွေအပေါ် မြန်မာစစ်တပ်က သွေးအေးအေးနဲ့ အရေးယူခံရခြင်းမရှိဘဲ ဘယ်လောက်ထိတောင် ဆက်ကျူးလွန် နေတယ်ဆိုတာ သက်သေပြနေတာပါပဲ။” 

သေဆုံးသူတွေဟာ အသက် ၄၀ ကနေ ၈၀ ကြား အမျိုးသားတွေဖြစ်ကြပြီး ၅ ယောက်ကိုတော့ ဘယ်သူဘယ်ဝါဖြစ်ကြောင်း အထောက်အထားတွေနဲ့ အတည်ပြုနိုင်ခဲ့ပေမဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေ ဖြတ်တောက်ခံထားရတဲ့ တယောက်ကတော့ ဘယ်သူဘယ်ဝါဖြစ်တယ် ဆိုတာကို အတည်မပြုနိုင်ခဲ့ပါဘူး။

အတည်ပြုနိုင်တဲ့သူတွေကတော့ ဦးတင်လှိုင် အသက် ၈၀ ခန့်၊ ဦးသက်အောင် အသက် ၄၂ နှစ်၊ ဦးကျောင်းပို အသက် ၅၇ နှစ်၊ ဦးရာစိန် အသက် ၅၀ ခန့်နဲ့ ဦးဌေးလွင် အသက် ၅၀ ခန့် တို့ဖြစ်ကြပါတယ်။ 

ဒေသခံရွာသူတယောက်က “ရွာကို ညနေမှာ ပြန်ရောက်ပြီးတော့ ဘယ်အိမ်တွေ မီးလောင်သွားပြီလဲဆိုတာ လှည့်ပတ် ကြည့်ကြတာပေါ့၊ ပြီးတော့ သူတို့ (အလောင်းတွေ) ကို တွေ့တာပဲ။ အလောင်း ၃ လောင်းကို မီးရှို့ပြီးတော့ ခြံဝိုင်းတခုထဲမှာပဲ ထားခဲ့တာ၊ ယောကျာ်းတွေရဲ့ လိင်အင်္ဂါတွေကို သူတို့ပါးစပ်ထဲမှာ ပြန်ထည့်ထားတယ်။ အဲ့နားက အိမ်ရဲ့ ခြံစည်းရိုးမှာပဲ နောက် ခေါင်းပြတ်သုံးလုံးကို ချိတ်ထားတာ”လို့ အစီရင်ခံစာမှာ ပြောပါတယ်။

Fortify Rights အဖွဲ့ဟာ သတ်ဖြတ်ခံရသူရဲ့ ဆွေမျိုးတွေ၊ စီးနင်းတိုက်ခိုက် သတ်ဖြတ်ခံရမှု ဖြစ်စဉ်ကို တိုက်ရိုက် သိမြင်၊ သိကြားထားတဲ့ မျက်မြင်သက်သေတွေကို တွေ့ဆုံမေးမြန်းပြီး ဒီအစီရင်ခံစာကို ထုတ်ပြန်ခဲ့တာပါ။

မုံရွာအနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) အနီးက စစ်ကောင်စီတပ်သားတွေကို ၂၀၂၄ ခုနှစ် စက်တင်ဘာ ၃၀ ရက်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တဲ့အတွက် ဘုတလင်မြို့ပေါ်ကနေ စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်းအင်အား ၁၂၀ က ‌ကျေးရွာတွေဘက်ကို စစ်ကြောင်းထိုးပြီး အခုလို စစ်ကြောင်းထိုး မီးရှို့ သတ်ဖြတ်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီက အရပ်သားတွေကို ဖမ်းဆီးပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်တာ၊ သတ်ဖြတ်ခံရသူတွေကို ညှဉ်းပန်းနှိက်စက်တာ၊ အဓမ္မပြုကျင့်တာ၊ ခေါင်းဖြတ်တာတွေ ပြုလုပ်နေတဲ့အတွက် ICC အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ဒီအခြေအနေတွေကို ICC အစိုးရ‌ရှေ့နေထံ လွှဲပြောင်းပေးပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်း အရပ်သားတွေအပေါ် ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေကို အရေးယူဖို့ တောင်းဆိုထားပါတယ်။

သီရိ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013