
ပဲခူးတိုင်း၊ အင်းတကော်မြို့မှာ ဧပြီ ၁ ရက် ဒီမနက် ၆ နာရီခွဲက ဆီတန်းစီရင်း စကားများရာက ၂၂ ဘီးယာဥ်မောင်းကို ယာဥ်နောက်လိုက်က ခေါင်းကို တူနဲ့ထုရိုက်ပြီး လည်ပင်းကို ကတ်ကြေးနဲ့ ထိုးသတ်ခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ဒီကနေ့မနက် ၆ နာရီခွဲက အင်းတကော်မြို့ ရန်ကုန်-ပဲခူးကားလမ်းမ ဂျိုးသိန်းခြံရှေ့မှာ ညအိပ် ရပ်နားနေတဲ့ ၂၂ ဘီးယာဥ်ပေါ်မှာ ယာဥ်မောင်းတယောက် ဦးခေါင်းနဲ့ လည်ပင်းမှာ ဒဏ်ရာတွေနဲ့ သေဆုံးနေတာကို ဆီတန်းစီတဲ့ယာဥ်တွေက တွေ့ပြီး ရဲစခန်းကို အကြောင်းကြားခဲ့တာလို့ မြို့ခံတယောက်က ပြောပါတယ်။
“မိတ်ဆွေကောင်း ဆီဆိုင်မှာ ဆီထည့်ဖို့ ညအိပ်ပြီး စောင့်နေတဲ့ တွဲကားက ယာဥ်မောင်း အသတ်ခံရတာ။ ဘာကြောင့်သတ်လဲတော့ မသိဘူး။ ယာဥ်နောက်လိုက်ကိုတော့ ရဲတွေက ဖမ်းသွားတယ်။”
သေဆုံးသူမှာ ၂၂ ဘီးယာဥ်မောင်းနှင်သူ ကိုမိုးမင်းဦး ဖြစ်ပြီး ဒီကနေ့မနက် ၂ နာရီခွဲက ဆီတန်းစီစဥ် ယာဥ်နောက်လိုက်နဲ့ စကားများရာက ယာဥ်နောက်လိုက်က အငြိုးထားပြီး ကားခေါင်းခန်းမှာ အိပ်နေစဥ် သတ်ဖြတ်ခဲ့တာလို့ ရဲစခန်းနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။
“ဆီတန်းစီရင်း စကားများပြီး ယာဥ်မောင်းက ယာဥ်နောက်လိုက်ကို ဆဲလိုက်လို့ အငြိုးထားပြီး အိပ်နေတဲ့အချိန် တူနဲ့ခေါင်းကိုထုပြီး လည်ပင်းကို ကတ်ကြေးနဲ့ထိုးသတ်တာလို့ ယာဥ်နောက်လိုက်က စခန်းမှာ ဖြောင့်ချက်ပေးထားတယ်။”
လတ်တလောမှာ သေဆုံးသူရဲ့ ရုပ်အလောင်းကို ပဲခူးမြို့နယ်ဆေးရုံကို ပို့ဆောင်ထားပြီး ပြစ်မှုကျူးလွန်သူ သန်းကျော်ကို အင်းတကော်မြို့မရဲစခန်းက ပုဒ်မ ၃၀၂/၂၀၂၆ နဲ့ အမှုဖွင့် အရေးယူထားပါတယ်။
၂၀၂၂ ခုနှစ် အောက်တိုဘာ ၁၃ ရက်ကလည်း အင်းတကော်မြို့၊ ဆယ်မိုင်ကုန်းအနီး ရန်ကုန်-ပဲခူး ကားလမ်းမပေါ်မှာ ယာဥ်နောက်လိုက်က ယာဥ်မောင်းကို သတ်ပြီး ငွေ ကျပ် ၁၀ သိန်းနဲ့ လက်ကိုင်ဖုန်း ယူသွားခဲ့ဖူးပါတယ်။











