
ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီး မစ္စတာ မီယာဂျီတခုမဟာ ဖေဖော်ဝါရီ ၄ ရက် ဒီကနေ့ ညနေက ဂျပန်နိုင်ငံရောက် ဒီမိုကရေစီအရေးလှုပ်ရှားနေသူ မြန်မာနိုင်ငံသားတွေကို လက်ခံတွေ့ဆုံကာ မြန်မာပြည်ရဲ့ လက်ရှိ အခြေအနေတွေနဲ့ ပတ်သက်လို့ အမြင်တွေကို ဆွေးနွေးဖလှယ်ခဲ့ပါတယ်။
ဒုဝန်ကြီး မစ္စတာ မီယာဂျီက အာဏာသိမ်းပြီး ၄ နှစ်အကြာအထိ မြန်မာနိုင်ငံမှာ တိုးတက်မှု အခြေအနေ အရိပ်အယောင်တွေ မရှိသေးကြောင်း အလေးအနက် ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ရက်က ဂျပန်နိုင်ငံခြားရေးဝန်ကြီး တောင်းဆိုထားတဲ့အတိုင်း ဂျပန်နိုင်ငံရဲ့ တသမတ်တည်းသော မူဝါဒကို အခြေခံပြီး မြန်မာပြည်သူတွေရဲ့ အခက်အခဲတွေကို တက်ကြွစွာ ဆက်လက်ကူညီပံ့ပိုးသွားမယ်၊ မြန်မာပြည်ရဲ့အခြေအနေ တိုးတက်ကောင်းမွန်လာစေဖို့ ကူညီဆောင်ရွက်ပေးသွားမယ်လို့ နိုင်ငံခြားရေးဒုဝန်ကြီး မီယာဂျီက ကတိပြု ပြောဆိုခဲ့ပါတယ်။
စစ်အာဏာသိမ်း ၄ နှစ်ပြည့်တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ဂျပန်နိုင်ငံခြားရေးဝန်ကြီး တာခဲရှီအီဝါယာက မြန်မာ့အရေးနဲ့ပတ်သက်လို့ ကြေညာချက်ထုတ်ပြန်ပြီး အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ဖို့၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးထားသူတွေကို လွှတ်ပေးဖို့နဲ့ ဒီမိုကရေစီ နိုင်ငံရေးစနစ်ကိ အမြန်ပြန်လည်ထူထောင်ဖို့ တောင်းဆိုထားတာဖြစ်ပါတယ်။
ဒီနေ့ဂျပန်နိုင်ငံခြားရေး ဒုဝန်ကြီးနဲ့ သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြတဲ့ ဂျပန်ရောက် မြန်မာနိုင်ငံသားတွေကတော့ သူတို့ရဲ့တောင်းဆိုတင်ပြချက်တွေ အပြည့်အဝမရရှိခဲ့ပေမဲ့ အားရကျေနပ်မှုရှိတယ်လို့ DVB ကို ပြောပါတယ်။