
အာဏာသိမ်း စစ်အုပ်စုဟာ မြန်မာနိုင်ငံ ပြိုကွဲမယ့် အခြေအနေကို တွန်းပို့ဖန်တီးနေတဲ့ အဓိကတရားခံဖြစ်တဲ့အပြင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ အပေါင်းအပါတွေဟာ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် မဖြစ်မနေတာဝန်ခံရမယ်လို့ နိုင်ငံရေး အင်အားစုတွေက ကြေညာလိုက်ပါတယ်။
တပ်မတော်သားအားလုံးအနေနဲ့ အာဏာသိမ်းစစ်တပ်ကနေ စွန့်ခွာပြီး ပြည်သူလူထုလိုလားတဲ့ ဂုဏ်သိက္ခာရှိတဲ့ တပ်မတော်တရပ်အဖြစ် ပေါ်ထွန်းလာရေး ပူးပေါင်းကြဖို့လည်း ဖိတ်ခေါ်လိုက်ပါတယ်။
ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ချင်းညီနောင်အဖွဲ့တို့က ဖေဖော်ဝါရီ ၃ ရက်မှာ ပူးတွဲ ကြေညာချက်ထုတ်ပြန်လိုက်တာပါ။
ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးထိန်းသိမ်းခံနိုင်ငံရေး ခေါင်းဆောင်တွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးဟာ မြန်မာနိုင်ငံရဲ့ လက်ရှိပြဿနာတွေကို ဖြေရှင်းနိုင်ရေးအတွက် အလွန်အရေးကြီးတယ်လို့ မှတ်ယူတဲ့အကြောင်းနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေးအတွက် နိုင်ငံရေးဦးတည်ချက် ၆ ရပ်ကို ချမှတ်ကြောင်းလည်း ထုတ်ပြန်ထားပါတယ်။
နိုင်ငံရေးဦးတည်ချက်တွေထဲမှာတော့ စစ်အာဏာသိမ်းထားမှုကို ဖယ်ရှားပြီး အနာဂတ်မှာ စစ်တပ်ရဲ့ နိုင်ငံရေးမှာ ပါဝင်နေတာကို အဆုံးသတ်ဖို့၊ လက်နက်ကိုင်တပ်ဖွဲ့တွေအားလုံးကို ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရရဲ့ စီမံအုပ်ချုပ်မှုအောက်မှာ အပြည့်အဝထားရှိဖို့၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အပြီးတိုင်ဖျက်သိမ်းပြီး ပြန်အသက်သွင်းရန် ကြိုးပမ်းမှုမှန်သမျှ တိုက်ဖျက်ဖို့၊ သက်ဆိုင်သူ အစုအဖွဲ့အားလုံး လက်ခံနိုင်တဲ့ ဖက်ဒရယ်နဲ့ ဒီမိုကရေစီစနစ်ကို အခြေခံတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲ ပြဋ္ဌာန်းဖို့၊ ထွက်ပေါ်လာတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အညီ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအသစ် တည်ဆောက်ဖို့၊ ပဋိပက္ခအတွင်း လိင်နဲ့ ကျာ၊ မ အပေါ် အခြေခံတဲ့ အကြမ်းဖက်မှုတွေအပါအဝင် မတရား ကျူးလွန်ခံရသူတွေအတွက် တရားမျှတမှုပြန်လည်ရရှိရေးနဲ့ အသွင်ကူးပြောင်းရေး ကာလတရားမျှတမှုရရှိရေး လုပ်ငန်းစဉ် ဖော်ဆောင်ဖို့တွေ ပါဝင်ပါတယ်။
ပြည်နယ်/ဖက်ဒရယ်ယူနစ်တွေ သတ်မှတ်ဖွဲ့စည်းရေးနဲ့ နယ်နိမိတ်ပိုင်းခြားသတ်မှတ်ရေး ကိစ္စရပ်တွေကို အသွင်ကူးပြောင်းရေးကာလရောက်ရှိတဲ့အခါ ပြည်သူလူထုရဲ့ ဆန္ဒကိုအခြေခံပြီး ဘယ်လို ခွဲခြားဆက်ဆံခြင်းမရှိစေဘဲ အဓိကသက်ဆိုင်သူအားလုံး ပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ ငြိမ်းချမ်းစွာ ညှိနှိုင်းဆောင်ရွက်သွားမယ်၊ တော်လှန်ရေးအင်အားစုတွေ အချင်းချင်းကြား ဖြစ်ပွားတဲ့ ဘယ်လိုအငြင်းပွားမှုကိုမဆို မိတ်ဖက်ပဋိပက္ခတွေအဖြစ် မှတ်ယူပြီး ငြိမ်းချမ်းတဲ့ နည်းလမ်းတွေနဲ့သာ ဖြေရှင်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
အာဏာသိမ်း စစ်အုပ်စုဟာ ရွေးကောက်ပွဲကျင်းပဖို့ အခွင့်အာဏာမရှိတဲ့အပြင် လက်ရှိ နိုင်ငံရေးအခြေအနေဟာလည်း ရွေးကောက်ပွဲ ကျင်းပနိုင်တဲ့ အခြေအနေ မဟုတ်ပါ။ အတုအယောင်ရွေးကောက်ပွဲကို အဓမ္မကျင်းပဖို့ ပြင်ဆင်နေတာဟာ မြန်မာနိုင်ငံပြိုကွဲမှုကို ဦးတည်စေပြီး ပဋိပက္ခတွေကိုသာ တိုးပွားလာစေမယ့်အပြင် ဒေသတွင်းမတည်ငြိမ်မှုတွေ ပိုမိုပေါ်ပေါက်လာစေမှာဖြစ်လို့ ပြည်သူလူထုနဲ့ နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ ပူးပေါင်းပါဝင်တာ၊ ပံ့ပိုးကူညီတာ၊ အသိအမှတ်ပြုတာတွေ မလုပ်ကြဖို့ တိုက်တွန်းထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီ ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေနဲ့ အဓမ္မစစ်သားစုဆောင်းတာတွေကြောင့် မြန်မာပြည်သူတွေရဲ့ လူမှုစီးပွားဘဝကို အလွန်အမင်းထိခိုက်ပျက်စီးစေပြီး ပြည်တွင်း၊ ပြည်ပသို့ နေရပ်စွန့်ခွာမှုတွေ တိုးပွားလာစေကာ ဒေသတွင်း မတည်ငြိမ်မှုကို ပိုမိုဆိုးရွားစေတယ်လို့ ဆိုပါတယ်။
မြန်မာပြည်သူတွေ လက်ရှိခံစားနေရတဲ့ အတိဒုက္ခတွေကို အမြန်ဆုံးကုစားနိုင်ဖို့အတွက် နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းပြီး ထိထိရောက်ရောက် ပံ့ပိုးကူညီပေးဖို့နဲ့ စစ်ကောင်စီအတွက် လေယာဉ်ဆီအပါအဝင် စစ်လက်နက်ပစ္စည်းတွေ ပံ့ပိုးရောင်းချတာနဲ့ သံတမန်ရေးရာအရ အသိအမှတ်ပြုဆက်ဆံနေတာ ရပ်တန့်ဖို့လည်း နိုင်ငံရေး အင်အားစုတွေက တောင်းဆိုလိုက်ပါတယ်။











