DVB Logo
Home
နိုင်ငံတကာ
ဂါဇာ အပစ်ရပ်ရေး ဒုတိယအဆင့်အတွက် နေတန်ယာဟုက ထရမ့်ပ်ကို သွားရောက်တွေ့ဆုံ
DVB
·
February 3, 2025
ဂါဇာ အပစ်ရပ်ရေး ဒုတိယအဆင့်အတွက် နေတန်ယာဟုက ထရမ့်ပ်ကို သွားရောက်တွေ့ဆုံ
Donate to DVB

အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟုက ဂါဇာဒေသမှာ အပစ်အခတ်ရပ်စဲရေး ဒုတိယအဆင့်နဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့အတွက် အမေရိကန်နိုင်ငံကို ရောက်ရှိနေပါတယ်။

ဟားမတ်စ်အဖွဲ့နဲ့ သဘောတူညီထားတဲ့ အပစ်ရပ် ဒုတိယအဆင့် ညှိနှိုင်းဆွေးနွေးပွဲတွေကို တနင်္လာနေ့အတွင်း ဝါရှင်တန်ဒီစီမြို့မှာ စတင်မှာဖြစ်တယ်လို့ နေတန်ယာဟုရဲ့ရုံးက အတည်ပြုပါတယ်။

ဒါကြောင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ဟာ နေတန်ယာဟုနဲ့ အင်္ဂါနေ့အတွင်း အိမ်ဖြူတော်မှာ လက်ခံတွေ့ဆုံဖို့ ရှိနေပါတယ်။

ဒါဟာ ထရမ့်ပ်ရဲ့ ဒုတိယသက်တမ်း စတင်ခဲ့ပြီးနောက် ပြည်ပခေါင်းဆောင်တယောက်နဲ့ ပထမဆုံးအကြိမ် တွေ့ဆုံမှုလည်း ဖြစ်ပါတယ်။

ဂါဇာဒေသမှာ စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်အရ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) က နေတန်ယာဟုကို ဖမ်း၀ရမ်းထုတ်ခဲ့ပြီးနောက် သူ့ရဲ့ ပထမဆုံးသော အမေရိကန်ခရီးစဉ်လည်း ဖြစ်ပါတယ်။

အမေရိကန်ကို မထွက်ခွာခင် နေတန်ယာဟုက အရှေ့အလယ်ပိုင်းဒေသမှာ “ဟားမတ်စ်အပေါ်  အောင်နိုင်ရေး၊ ဓားစာခံအားလုံး လွတ်မြောက်ရေးနဲ့ အီရန်ရဲ့ အကြမ်းဖက်အားပေး ဝင်ရိုးတန်းအုပ်စုအပေါ် ကိုင်တွယ်ဖြေရှင်းရေး” စသဖြင့် ထရမ့်ပ်နဲ့ ဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် “ကျွန်ုပ်တို့ရဲ့ ဆုံးဖြတ်ချက်တွေနဲ့ စစ်သည်တွေရဲ့ ရဲစွမ်းသတ္တိအရ (အရှေ့အလယ်ပိုင်း) မြေပုံကို ပြန်ရေးဆွဲနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း သမ္မတထရမ့်ပ်နဲ့ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်ကာ ဒီ့ထက်ပိုမိုကောင်းမွန်အောင် ချဲ့ထွင်ရေးဆွဲနိုင်ဖို့ရာ ယုံကြည်ပါတယ်” ဆိုပြီး ဖြည့်စွက်ပြောပါတယ်။

အပစ်ရပ် ပထမအဆင့်မှာ အစ္စရေးဓားစာခံ ၃၃ ယောက်နဲ့ ပါလက်စတိုင်း အကျဉ်းသား ၂,၀၀၀ နီးပါး အပြန်အလှန်လဲလှယ်ဖို့  သဘောတူထားတဲ့အတိုင်း အကောင်အထည်ဖော်လျက် ရှိပါတယ်‌။

ဒုတိယအဆင့်မှာတော့ ကျန်ရှိနေသေးတဲ့ ဓားစာခံတွေ ပြန်လွှတ်ပေးဖို့နဲ့ စစ်ပွဲ အပြီးတိုင် အဆုံးသတ်ဖို့ ဆွေးနွေးကြမယ်ဆိုပြီး မျှော်မှန်းထားပါတယ်။

အမေရိကန်သမိုင်းမှာ အစ္စရေးအပေါ် ထောက်ခံမှုအရှိဆုံး သမ္မတအဖြစ် ထရမ့်ပ်က သူ့ကိုယ်သူ ကြေညာထားသလို လက်ယာစွန်းအုပ်စုအပေါ်  အပြည့်အ၀ထောက်ခံတဲ့ သံတမန်တွေကိုလည်း ရာထူးခန့်အပ်ထားပါတယ်။

Source : Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013