DVB Logo
Home
မြန်မာသတင်း
ကရင်နီနှင့် ရှမ်းတောင်တိုက်ပွဲများ၌ စစ်တပ်ဘက်က အယောက် ၄၀ ကျော်သေ
DVB
·
February 2, 2025
ကရင်နီနှင့် ရှမ်းတောင်တိုက်ပွဲများ၌ စစ်တပ်ဘက်က အယောက် ၄၀ ကျော်သေ
Donate to DVB

ကရင်နီပြည်က မြို့နယ်တွေနဲ့ ရှမ်းပြည်တောင်ပိုင်းမြို့နယ်တွေက တိုက်ပွဲတွေမှာ ဇန်နဝါရီလအတွင်း စစ်ကောင်စီဘက်က အယောက် ၄၀ ကျော် သေဆုံးခဲ့ပြီး မိုးဗြဲမှာတော့ တလလုံးနီးပါး တိုက်ပွဲတွေဖြစ်နေတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ဖေဖော်ဝါရီ ၂ ရက် ဒီနေ့ထုတ်ပြန်ပါတယ်။

ဒီတလတာအတွင်း စစ်ကောင်စီက လေကြောင်းကနေ ၃၁ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့သလို လက်နက်ကြီးနဲ့လည်း အကြိမ် ၃၀ ကျော်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုတွေကြောင့် ကလေးငယ် ၂ ယောက် အပါအဝင် ပြည်သူ ၇ ယောက် သေဆုံး၊ ကိုယ်ဝန်ဆောင်မိခင်အပါအဝင် ပြည်သူ ၁၄ ယောက်လည်း ထိခိုက်ဒဏ်ရာရပြီး နေအိမ် ၃၈ လုံး၊ စာသင်ကျောင်း ၂ ကျောင်းနဲ့ ဘုန်းကြီးကျောင်း ၅ ကျောင်း ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။

ရှေ့တန်းရဲဘော်တယောက်က “လေယာဉ်နဲ့ဗုံးကြဲတာတွေ၊ ဒရုန်းနဲ့ ဗုံးကြဲတာတွေ ပိုများလာတယ်။ လက်နက်ကြီးနဲ့လည်း ပစ်တယ်။ လေယာဉ်ကတော့ မတားဆီးနိုင်တဲ့အပေါ် သူတို့ အသာစီးရတဲ့အနေနဲ့ အသုံးချတာပေါ့” လို့ ပြောပါတယ်။

ကရင်နီက ဘောလခဲမြို့နယ်၊ ဝမ်မလန်းနဲ့ မိုင်းထမ်းကျေးရွာကို စစ်ကြောင်းထွက်လာတဲ့ စစ်ကောင်စီတပ်ကို ဇန်နဝါရီ ၁၂ ရက်နေ့က မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ တပ်သား ၁၀ ယောက်ထက်မနည်း သေဆုံးပြီး လက်နက် ၄ လက်ကို သိမ်းဆည်းရမိသလို လွိုင်ကော်မြို့နယ်နဲ့ ဖားဆောင်းမြို့နယ်တို့မှာလည်း ထိတွေ့တိုက်ပွဲ တခါတလေရှိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဆီဆိုင်မြို့နယ်၊ ရွှေတဂူအနီးနားက စစ်စခန်းကုန်းတခုကို ဇန်နဝါရီ ၉ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ရာမှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော်သေဆုံးပြီး လက်နက်အစုံအလင် ၂၈ လက် သိမ်းဆည်းရမိခဲ့ပါတယ်။

မိုးဗြဲမှာလည်း စစ်ကောင်စီတပ်နဲ့ KNDF ပူးပေါင်းတော်လှန်ရေးအင်အားစုကြား ထိတွေ့တိုက်ပွဲ တလလုံးနီးပါးဖြစ်ပွားနေပြီး ဒီနေ့အချိန်အထိ တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ သိရပါတယ်။

ထိတွေ့တိုက်ပွဲတိုင်းမှာ စစ်ကောင်စီတပ်ဟာ လေကြောင်းကနေ ဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာအပြင် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေကိုလည်း တွင်တွင်ကျယ်ကျယ် ပြုလုပ်နေပါတယ်။

တလတာတိုက်ပွဲအတွင်းမှာ KNDF တပ်ဖွဲ့က ရဲဘော် ၆ ယောက် ကျဆုံးပြီး စစ်ကောင်စီဘက်ကတော့ အယောက် ၄၀ ကျော်သေဆုံး၊ ဒုအရာခံဗိုလ် ၁ ယောက် အပါအဝင် တပ်ဖွဲ့ဝင် ၁၀ ယောက်ဟာ လက်နက် ၇ လက်နဲ့အတူ KNDF တပ်ဖွဲ့ဆီမှာ ဘက်ပြောင်းခိုလှုံခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ကရင်နီပြည်နယ်၊ ဘောလခဲမြို့နယ်က ရှေ့တန်းတနေရာမှာ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF တပ်ရင်း အမှတ် ၁၅ က ဒရုန်းတပ်သား ခူးတီရယ် ကျဆုံးခဲ့ရတယ်လို့ တပ်ရင်းက ဖေဖော်ဝါရီ ၂ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။

ရဲဘော်ခူးတီရယ်က ဇန်နဝါရီတတိယအပတ်ကစပြီး ဘောလခဲစစ်ဆင်ရေးတခုမှာ တာဝန်ထမ်းဆောင်နေချိန် စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် ဇန်နဝါရီ ၃၁ ရက်နေ့က ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။

KA စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က “ဘောလခဲ ခွင်မှာ ဗုံးကြဲတာ ၄ ခါလောက်ရှိတာပေါ့နော့။ လောလောဆယ်ကတိုက်ပွဲမရှိသေးဘူး။ ငြိမ်နေသေးတယ်ပေါ့နော်။ စစ်ကောင်စီက အင်အားဖြည့်တာလည်း ကြားရတာပေါ့” လို့ ပြောပါတယ်။

ကျဆုံးရဲဘော် ခူးတီရယ်ကို အာဇာနည်သူရဲကောင်းအဖြစ်သတ်မှတ်ပြီး လေးစားအသိအမှတ်ပြု မှတ်တမ်းတင်သလို မိသားစုနဲ့ထပ်တူဝမ်းနည်းရတယ်လို့ KNDF က ဆိုပါတယ်။

ဇန်နဝါရီ ၃၁ ရက်နေ့ကလည်း ဘောလခဲက ချိကွဲ့ရွာထဲကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နေရပ်ပြန်နေထိုင်နေတဲ့ အမျိုးသား ၁ ယောက်နဲ့ အမျိုးသမီး ၁ ယောက် သေဆုံးခဲ့ရပြီး နောက် ၁ ယောက်လည်း ဒဏ်ရာရရှိသလို နေအိမ် ၁၀ လုံးလည်း ထိခိုက်ပျက်စီးခဲ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013