ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်မှာရှိတဲ့ စစ်တပ်ပိုင် Army Rum စက်ရုံကို ဇန်နဝါရီ ၃၁ ရက်နေ့ ည ၁၀ နာရီကျော်လောက်က အဝေးပစ်လောင်ချာနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြို့ပြတော်လှန်ရေး တပ်ဖွဲ့တွေဆီက သိရပါတယ်။
စစ်အာဏာသိမ်မှု ၄ နှစ်ပြည့်ခဲ့တဲ့နေ့ဖြစ်လို့ မစ်ရှင်ကိုပြုလုပ်ခဲ့တာဖြစ်ပြီး ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ဦးဆောင်မှုနဲ့ အနောက်ပိုင်းခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ၄၀ မမဗုံးသီး ၃ လုံး ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
ရန်ကုန်အနောက်ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံ ကိုဂျပ်က “ပြည်သူ့အာဏာ သိမ်းယူခဲ့တာ ၄ နှစ်ပြည့်ပြီဖြစ်လို့ ထိုက်ထိုက်တန်တန် စစ်တပ်ကို တုန့်ပြန်မှုပြုလုပ်တဲ့အနေနဲ့ သွားရောက်ပစ်ခတ်ခဲ့တာ”လို့ DVB ကို ပြောပါတယ်။
Army Rum စက်ရုံကို ၄၀ မမ ဗုံးသီးနဲ့ပစ်ခတ်ခဲ့တာကြောင့် စက်ရုံဝန်ထမ်းတွေနဲ့ စက်ရုံအဆောက်အဦတွေ ထိခိုက်တာတွေရှိခဲ့ပြီး တော်လှန်ရေးတပ်တွေကတော့ လုံခြုံရေးအရ ဘေးလွတ်ရာကိုရှောင်ရှားခဲ့ရတယ်လို့ သူက ဆက်ပြောပါတယ်။