
မြန်မာစစ်တပ်ပြိုလဲလာတာနဲ့အမျှ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ခုခံတော်လှန်ရေး ဦးဆောင်တဲ့ နိုင်ငံတည်ဆောက်ရေးလုပ်ငန်းစဉ်ကို ထောက်ခံဖို့ အရေးတကြီးလုပ်ဆောင်ရမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ(SAC-M) က ပြောပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းအမြန်ဆုံးထုတ်ဖို့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှု တရားရုံး(ICC)ရဲ့ တရားသူကြီးတွေကို တိုက်တွန်းလိုက်သလို မြန်မာစစ်တပ်ရဲ့ ရာဇဝတ်မှုတွေကို ပိုပြီးစုံစမ်းစစ်ဆေးဖို့နဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ရှိသူတွေကိုလည်း ဖမ်းဝရမ်းတွေ ထပ်ထုတ်ဖို့ တိုက်တွန်းလိုက်ပါတယ်။
မြန်မာစစ်တပ်ရဲ့ အာဏာသိမ်းဖို့ကြိုးပမ်းမှုကိုတုံ့ပြန်ပေါ်ပေါက်လာတဲ့ ပြည်သူ့တော်လှန်ရေးဟာ မြန်မာနိုင်ငံကို အခြေခံအားဖြင့်ပြောင်းလဲစေခဲ့ပြီး စစ်အုပ်စုရဲ့ မြေပြင်တပ်တွေဟာ ၄ နှစ်အတွင်း မကြုံစဖူးရှုံးပွဲတွေကြုံခဲ့ရသလို အခုအခါ နိုင်ငံနယ်မြေတော်တော်များများကို တော်လှန်ရေးတပ်တွေက ထိထိရောက်ရောက် ထိန်းချုပ်ထားနိုင်တယ်လို့ ဖေဖော်ဝါရီ ၁ ရက် ဒီနေ့မှာ ထုတ်ပြန်ပြောဆို လိုက်တာပါ။
ကြီးမားတဲ့ စိန်ခေါ်မှုတွေရှိနေပေမဲ့ စစ်တပ်ကိုဖြိုခွင်းပြီး ဖက်ဒရယ်ဒီမိုကရေစီ မြန်မာနိုင်ငံတော် တည်ဆောက်ဖို့ ခုခံတော်လှန်ရေးဦးဆောင်တဲ့လုပ်ငန်းစဉ်ဟာ လမ်းကြောင်းမှန်ပေါ် ရောက်ရှိနေပြီး တားဆီးရပ်ဆိုင်းဖို့ မရနိုင်တော့တာကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းဟာ ဒီတော်လှန်ရေးအတွက် ပံ့ပိုးတာကို မြှင့်တင်ရမှာဖြစ်ပြီး တချိန်တည်းမှာလည်း စစ်အုပ်စုက မြန်မာပြည်သူတွေအပေါ် နောက်ထပ်ဒုက္ခတွေမပေးနိုင်အောင်လုပ်ရမယ်လို့ ဆိုပါတယ်။
လေယာဉ်ဆီအပါအဝင် လက်နက်တွေ၊ နှစ်ဖက်သုံးကုန်ပစ္စည်းတွေ၊ ဆက်စပ်ပစ္စည်းအစိတ်အပိုင်း တွေအပေါ် ပိတ်ဆို့အရေးယူဖို့နဲ့ စစ်အုပ်စုလက်နက်ရရှိနေတာကို ချက်ချင်း ဖြတ်တောက်ဖို့ အတွက်လည်း အဖွဲ့ဝင်နိုင်ငံတွေကို SAC-M က တိုက်တွန်းလိုက်ပါတယ်။
မြန်မာ့အိမ်နီးချင်းနိုင်ငံတွေ၊ ကုလသမဂ္ဂအေဂျင်စီတွေနဲ့ နိုင်ငံတကာအလှူရှင်တွေဟာ တရားဝင်ဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တိုင်းရင်းသားခုခံတော်လှန်ရေး အဖွဲ့အစည်းတွေနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေအပါအဝင် ခုခံတော်လှန်ရေးတာဝန်ရှိသူတွေနဲ့ ပူးပေါင်းညှိနှိုင်းပြီး လွတ်မြောက်နယ်မြေတွေက ပြည်သူတွေအပူတပြင်းလိုအပ်နေတဲ့ လူသားချင်းစာနာမှုအကူအညီတွေ ပေးပို့ရမယ်လို့လည်း ထောက်ပြထားပါတယ်။
တချိန်တည်းမှာ NUG၊ တိုင်းရင်းသားခုခံတော်လှန်ရေးအဖွဲ့အစည်းတွေ၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ၊ ဖက်ဒရယ်နဲ့ ကြားကာလအုပ်ချုပ်ရေးစနစ်တွေ၊ အရပ်ဘက် လူ့အဖွဲ့အစည်းတွေအပါအဝင် ခုခံတော်လှန်ရေးဦးဆောင်တဲ့ နိုင်ငံရေးလုပ်ငန်းစဉ်တွေကိုလည်း နိုင်ငံတကာအထောက်အပံ့တွေ ပေးအပ်သင့်တယ်လို့ ဆိုပါတယ်။
စစ်အုပ်စုကတော့ ပြန်ပြီးခေါင်းမထောင်နိုင်အောင် အင်အားဆုတ်ယုတ်နေပေမဲ့ သူထိန်းချုပ်မရတော့တဲ့ နယ်မြေတွေကို လေကြောင်း၊ လက်နက်ကြီးတို့ကို ပိုသုံးပြီး ဖျက်ဆီးနေတယ်လို့ ဆိုပါတယ်။
သူထိန်းချုပ်မရတော့ဟာလည်း နိုင်ငံရဲ့ နယ်မြေအများစုဖြစ်ပြီး နေရပ်စွန့်ခွာသူတွေရဲ့ စခန်းတွေ၊ ဆေးရုံတွေ၊ ဈေးတွေကို နေ့တိုင်းလေကြောင်းကနေတိုက်ခိုက်နေတာဟာ မြန်မာနိုင်ငံရဲ့ အထိခိုက်လွယ်ဆုံးပြည်သူတွေနဲ့ အထောက်အပံ့ပေးတဲ့ဒေသခံကွန်ရက်တွေကို တမင်တကာ ပစ်မှတ်ထား တိုက်ခိုက်တာပဲ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အာဏာသိမ်းဖို့ကြိုးစားကတည်းက အနည်းဆုံး လူပေါင်း ၃ သန်းကျော်ဟာ ပြည်တွင်းမှာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို စစ်အုပ်စုကပိတ်ဆို့တာ၊ အထူးသဖြင့် စစ်တပ်ရဲ့ထိန်းချုပ်မှုပြင်ပက ဒေသတွေကို ပိတ်ဆို့တာတွေဟာ အသက်ကယ်ဆယ်ရေး အကူအညီလိုအပ်နေတဲ့ ပြည်သူသန်းပေါင်းများစွာဆီမရောက်အောင် တားဆီးနေတာကြောင့် ခုခံတော်လှန်ရေး ဦးဆောင်နေတဲ့ လူသားချင်းစာနာမှုဆိုင်ရာကွန်ရက်တွေဟာ မနိုင်ဝန်ကို ထမ်းဆောင်နေရတယ် လို့လည်း ဆိုပါတယ်။










