DVB Logo
Home
Lead Story
ပြည်သူကို ချောက်အဆင်း ဘီးတပ်လိုက်တဲ့ စစ်မှုထမ်းနည်းဥပဒေ
DVB
·
February 1, 2025
ပြည်သူကို ချောက်အဆင်း ဘီးတပ်လိုက်တဲ့ စစ်မှုထမ်းနည်းဥပဒေ
Donate to DVB

စစ်ကောင်စီက ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ စစ်မှုထမ်းဥပဒေကို ကျင့်သုံးလိုက်ပြီးနောက် တနှစ်နီးပါးအကြာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့မှာ စစ်မှုထမ်းနည်းဥပဒေကို လျှို့ဝှက်ထုတ်ပြန်လာပါတယ်။ လျှို့ဝှက်ဆိုတဲ့ ထုံးစံအတိုင်း ထိုနည်းဥပဒေဖိုင်ဟာ မီဒီယာကတဆင့် ပြည်သူလူထုဆီကို ရောက်ရှိလာပါတယ်။ စစ်မှုထမ်းဥပဒေတုန်းကလိုပဲ နည်းဥပဒေထွက်လာတဲ့အခါ ပြည်သူလူထုအကြား ထပ်မံ ဂယက်ရိုက်လာပါတော့တယ်။ စစ်ကောင်စီက နည်းဥပဒေမပြဋ္ဌာန်းဘဲ စစ်မှုထမ်းခေါ်လာတာ အပတ်စဉ် ၉ အထိ ရှိနေပါပြီ။ ပထမအပတ်စဉ်ကတည်းက အတင်းအကျပ် လူစုဆောင်းတာ၊ ပေါ်တာဆွဲတာတွေ ရှိသလို စိတ်ဆန္ဒအရ လာရောက်လျှောက်ထားသူတွေလည်း ရှိခဲ့ပါတယ်။ အပတ်စဉ်တခုကို လူ ၅,၀၀၀ နှုန်းနဲ့မို့ ယခုဆို လူအင်အား ၄၅,၀၀၀ ရှိပြီလို့ ဆိုရပါမယ်။ မိဘတွေကလည်း သား၊ သမီးတွေကို စိုးရိမ်ပူပန်လို့ ရရာနည်းနဲ့ ပြည်ပနိုင်ငံတွေကို ပို့ခဲ့ကြရပါတယ်။ တချို့ရပ်ရွာတွေမှာ လူငယ်တွေ မရှိတော့သလောက် ဖြစ်လာပြီး လုပ်သားအင်အား လိုအပ်ချက်တွေ ဖြစ်နေပါတယ်။ အခု နည်းဥပဒေ ထွက်လာတဲ့အခါ နိုင်ငံခြားထွက်ခွင့်ပါ ပိတ်ထားမယ့်အကြောင်း ပါလာတာကြောင့် ပြည်သူလူထုအကြား စိုးရိမ်ပူပန်မှုတွေ ပိုလို့တိုးလာပါတယ်။

စစ်မှုထမ်းနည်းဥပဒေကို လေ့လာကြည့်တဲ့အခါ စစ်ကောင်စီက ဗဟိုအဖွဲ့ကို လူ ၁၆ ဦးနဲ့ ဖွဲ့စည်းထားပြီး ဗိုလ်ချုပ်စိုးဝင်းက ဥက္ကဋ္ဌ အနေနဲ့ ဦးဆောင်မှာဖြစ်ပါတယ်။ ထိုဗဟိုအဖွဲ့မှာ ညှိကွပ်၊ ပြည်ထဲရေး၊ နယ်စပ်ရေးရာတို့အပြင် သာသနာရေးဝန်ကြီးဌာနပါ ပါဝင်ပါတယ်။ ထိုဗဟိုအဖွဲ့က နေပြည်တော်အဖွဲ့၊ ပြည်နယ်/တိုင်းအဖွဲ့၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသအဖွဲ့၊ ခရိုင်အဖွဲ့၊ မြို့နယ်အဖွဲ့တို့ကို ထပ်မံဖွဲ့စည်းရမှာ ဖြစ်ပါတယ်။ စစ်မှုထမ်းကင်းလွတ်ခွင့်၊ ကာလလျှော့ပေါ့ခွင့်၊ ရွေ့ဆိုင်းခွင့်တို့ကိုလည်း ဗဟိုအဖွဲ့ကပဲ လုပ်မှာပါ။ ဖွဲ့စည်းပုံအရတော့ အောက်ပါပုံအတိုင်း အဖွဲ့တွေရှိနေပါတယ်။

ဒါပေမဲ့ လုပ်ငန်းစဉ်ဆောင်ရွက်မှုအရတော့ အဲ့လိုမဟုတ်ပါ။ နေပြည်တော်အဖွဲ့က ခရိုင်ကတင်လာတဲ့ လျှောက်လွှာတွေကို ဗဟိုကိုပို့ပေးရမှာ ဖြစ်ပါတယ်။ ပြည်နယ်/တိုင်းအဖွဲ့က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ/တိုင်းအဖွဲ့က တင်လာတဲ့ လျှောက်လွှာတွေကို ဗဟိုကိုပို့ပေးရမှာပါ။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ/တိုင်းအဖွဲ့က မြို့နယ်အဖွဲ့ကတင်လာတဲ့ လျှောက်လွှာတွေကို ပြည်နယ်/တိုင်းအဖွဲ့ကို တင်ရမှာဖြစ်တာကြောင့် နေပြည်တော်အဖွဲ့နဲ့ ပြည်နယ်/တိုင်းအဖွဲ့က ဗဟိုအဖွဲ့ကို တာဝန်ခံရမှာဖြစ်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ/တိုင်းအဖွဲ့က ပြည်နယ်/တိုင်း အဖွဲ့အောက်မှာ ရှိနေမှာပါ။ ခရိုင်အဖွဲ့ကတော့ နေပြည်တော်အဖွဲ့နဲ့ ပြည်နယ်/တိုင်း အဖွဲ့နှစ်ခုလုံးကို တာဝန်ခံရမှာပါ။ ဆိုတော့ ခရိုင်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ/တိုင်းအဖွဲ့တို့က အဆင့်တူတူရှိနေပြီး နေပြည်တော်နဲ့ ပြည်နယ်/တိုင်းအဖွဲ့တို့က အဆင့်တူတူရှိနေတာပါ။ ခရိုင်အဖွဲ့ကတော့ မြို့နယ်ကတင်လာတာကို နေပြည်တော်အဖွဲ့နဲ့ ပြည်နယ်/တိုင်းအဖွဲ့ကို တင်ရမှာဖြစ်ပါတယ်။ မြို့နယ်အဖွဲ့နဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေက အောက်ခြေမှာ အမှန်တကယ် အကောင်အထည်ဖော်ရမှာ ဖြစ်ပါတယ်။ လုပ်ငန်းစဉ်အရ အောက်ပါပုံအတိုင်း ရှိနေတာပါ။

ဒီအလွှာအသီးသီးမှာ အောက်ခြေဖြစ်တဲ့ ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေက အသက်ပြည့်ပြီးသူ စာရင်းကို ကောက်ယူကာ မြို့နယ်အဖွဲ့ကို တင်ရမှာဖြစ်ပြီး မြို့နယ်အဖွဲ့က မှတ်ပုံတင်ခြင်း၊ ဆေးစစ်ရန်ဆင့်ခေါ်ခြင်း၊ ကင်းလွတ်ခွင့်၊ ကာလလျှော့ပေါ့ခွင့်၊ ရွှေ့ဆိုင်းခွင့်လျှောက်လွှာများ တင်ခြင်းတို့ကို စိစစ်ပြီး ခရိုင်အဖွဲ့နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ/တိုင်းအဖွဲ့ကတဆင့် ဗဟိုကို အဆင့်ဆင့်ရောက်မှာ ဖြစ်ပါတယ်။ နည်းဥပဒေပြဋ္ဌာန်းချက်အရ မြို့နယ်အဖွဲ့က လူဦးရေ လိုအပ်ချက်ပေါ် မူတည်ပြီး ဆန္ဒအလျောက် လျှောက်ထားသူများကို ဦးစားပေးစစ်မှုထမ်းဖို့ ခေါ်မှာဖြစ်ပြီး အရေအတွက်မပြည့်ရင် မဲနှိုက်ရွေးချယ်မှာ ဖြစ်ပါတယ်။ အခုလို စစ်ရေးမှာ အရှုံးကြီး ရှုံးနေတဲ့ စစ်ကောင်စီအတွက် ဒီပြဋ္ဌာန်းချက်အတိုင်း ဆောင်ရွက်မယ်ဆိုတာ လားလားမှ မဖြစ်နိုင်ပါ။ အကုန်သိမ်းကျုံးပြီး စစ်မှုထမ်းဖို့ ခေါ်ဆောင်ဖို့သာ ရှိနေပါတယ်။

ဒီနည်းဥပဒေ ထွက်လာပြီးနောက်မှာ မြေပြင်မှာ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေက အမျိုးသားရော အမျိုးသမီးပါ စာရင်းကောက်ယူတာတွေ တဖန်ပြန်လုပ်လာပါတယ်။ ပြည်သူများလည်း စိုးရိမ်သောက ပိုတိုးလျက်ရှိပါတယ်။ နောက်ဆက်တွဲအနေနဲ့ စီးပွားရေးမပြေလည်မှု၊ ငွေကြေးဖောင်းပွမှုတွေကြောင့် စားဝတ်နေရေး ခက်ခဲနေတဲ့ မိဘတွေဟာ သား/သမီးတွေကို ရရာနည်းနဲ့ ပြည်ပကိုပို့ဖို့ လုပ်ကြရဦးမှာ ဖြစ်ပါတယ်။ မြန်မာက လူငယ်အများစု စစ်မှုထမ်းရှောင်တိမ်းဖို့ အများဆုံးသွားတာက ထိုင်းနိုင်ငံဖြစ်ပါတယ်။ မြန်မာရှိ ထိုင်းသံရုံးမှာ ဗီဇာလျှောက်ထားမှု များပြားလွန်းလို့ သံရုံးမှာ အရင်လို တန်းစီလျှောက်မရတော့ဘဲ အွန်လိုင်းကနေ ဗီဇာရက်ချိန်းယူရမယ့်စနစ်ကို  ပြောင်းလိုက်ပါတယ်။ ဒါ့အပြင် အခုဆိုရင် အီးဗီဇာ (E-Visa) စနစ်ကို ၂၀၂၅ ဇန်နဝါရီလမှာ ထပ်မံပြောင်းလိုက်ပါသေးတယ်။ ထိုင်းသံရုံးက လျှောက်ထားသူ တယောက်ကို ဗီဇာကြေး ဒေါ်လာ ၄၀ နှုန်းနဲ့ ဒေါ်လာအမြောက်အမြား ရရှိဦးမှာဖြစ်သလို ပြည်တွင်း လုပ်သားအင်အားကလည်း ထပ်မံကျဆင်းသွားဦးမှာပါ။ ပြည်ပမထွက်နိုင်တဲ့ ပြည်သူလူထု အနေနဲ့လည်း စစ်မှုထမ်းကင်းလွတ်ခွင့်ရဖို့ ရပ်ကျေးအစ ဆေးစစ်ရေးဘုတ်အဖွဲ့အလယ် ဗဟိုအဆုံး အဆင့်ဆင့် လာဘ်ပေးရဖို့သာ ရှိပါတယ်။ အဖွဲ့တွေ အဆင့်ဆင့် ပြဋ္ဌာန်းထားတာကြောင့် အလွှာတိုင်းက လာဘ်စားနိုင်မှာလည်း ဖြစ်ပါတယ် (ပုံ-၂)။ နိုင်ငံ့ဝန်ထမ်းများလည်း စစ်မှုထမ်းဖို့ ဆင့်ခေါ်မှာဖြစ်ပြီး လစာအနေနဲ့ နှစ်သက်ရာတခုကိုသာ ယူနိုင်မှာကြောင့် CDM မလုပ်ထားတဲ့ ဝန်ထမ်းများပါ အကျပ်ဆိုက်နိုင်ပါတယ်။ စစ်ကောင်စီက သူတို့ကိုထောက်ခံသူရော မထောက်ခံသူကိုပါ ကျောသားရင်သား မခွဲခြားဘဲ ဆက်ဆံလိုက်တာပါ။ အဘက်ဘက်က ခက်ခဲနေတဲ့ ပြည်သူအဖို့ စစ်ကောင်စီရဲ့ ဒီလုပ်ဆောင်ချက်ဟာ ချောက်အဆင်း ဘီးတပ်လိုက်သလိုပါပဲ။

ဟိတေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013