DVB Logo
Home
မြန်မာသတင်း
တမူးမြို့အဝင်အထွက် စစ်စခန်းများကို  ဒေသကာကွယ်ရေးအဖွဲ့များ ထိုးစစ်ဆင်
DVB
·
January 31, 2025
တမူးမြို့အဝင်အထွက် စစ်စခန်းများကို  ဒေသကာကွယ်ရေးအဖွဲ့များ ထိုးစစ်ဆင်
Donate to DVB

အိန္ဒိယ-မြန်မာနယ်စပ်၊ စစ်ကိုင်းတိုင်း၊ တမူးမြို့ အဝင်အထွက်ရှိ စစ်ကောင်စီအခြေစိုက် စခန်းတွေကို ကူကီးအမျိုးသားတပ်မတော် (KNA) နဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေက ဇန်နဝါရီ ၂၇ ရက်က စတင်ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် စစ်ကောင်စီက လေကြောင်းပစ်ကူသုံးပြီး ထိန်းချုပ်ဖို့ ကြိုးစားနေပါတယ်။

တမူးမြို့အဝင်အထွက်တွေမှာရှိတဲ့ ကျွန်းပင်သာ၊ မင်းသာနဲ့ ပန်းသာအရပ်တွေက ပျူစောထီးစခန်းတွေကို ဒေသကာကွယ်ရေးအဖွဲ့တွေက ဖိအားပေး တိုက်ခိုက်နေတာပါ။

စစ်ကောင်စီဘက်ကလည်း လေကြောင်းပစ်ကူတွေသုံးပြီး တိုက်ခိုက်နေသလို ကသည်းတပ် (PLA)၊ နာဂလက်နက်ကိုင်တပ် (NSCN-IM) ပူးပေါင်းတပ်တွေက စစ်ကောင်စီဘက်ကန ဝင်ရောက်ကူညီနေတယ်လို့  ကလေးမြို့နယ် သပိတ်ခေါင်းဆောင် ကိုဗိုက်ပူက ပြောပါတယ်။

“လေကြောင်းလည်း နေ့ရောညရော ခံနေရတယ်။ နံပါတ် ၁ တမူးတမြို့လုံးရယ်၊ တမူးနဲ့အနီးစပ်က ရွာတွေရယ်ပေါ့နော်။ စစ်ကြောင်းကတော့ လောလောဆယ် အတည်ပြုဖို့ ခက်သေးတယ်။ ဘာလို့လဲဆိုတော့ အခုလောလောဆယ်က စကစနဲ့ ပေါင်းနေတဲ့ နာဂတပ်နဲ့ ကသည်းတပ်တွေက သူတို့က တော်တော်လေး လှုပ်ရှားနေတာဆိုတော့ ကိုယ့်ဘက်က စတာပဲဖြစ်လောက်တယ်။ လောလောဆယ်က သူတို့ရဲ့ တမူးအထက်ပိုင်းနဲ့ အောက်ပိုင်းက အဝင်ရွာတွေပေါ့ဗျာ၊ မင်းသာနဲ့ ပန်းသာ အဲဒီပျူရွာတွေမှာတော့ တော်တော်လေး တိုက်ပွဲပြင်းထန်နေတယ်လို့တော့ ကနဦး ကြားရတယ်ပေါ့ဗျာ။ ကူကီးအမျိုးသားတပ်မတော် KNA(Burma) ရယ်၊ နောက်ပြီးတော့ ဒေသတွင်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေပေါ့နော်။”

ဒေသကာကွယ်ရေးပူးပေါင်းတပ်တွေက တမူးမြို့ကို သိမ်းယူနိုင်ဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့တာဖြစ်ပြီး ကျွန်းပင်သာ၊ မင်းသာ၊ ပန်းသာနဲ့ ဟဲဇင်းအခြေစိုက် စစ်ကောင်စီစခန်းတွေကို သိမ်းယူနိုင်မှ တမူးမြို့ကို အပြီးသတ်သိမ်းယူနိုင်မှာလို့ ဒေသခံတွေက ပြောပါတယ်။

တမူးဒေသခံတယောက်က “တမူးဘက်မှာတော့ တိုက်ပွဲတွေဖြစ်နေတယ်၊ ပန်းသာဘက်မှာလို့ ကြားတယ်။ ဖုန်းလိုင်းပြတ်နေတာဆိုတော့လေ တမူးဘက်တွေက၊ ကလေးဘက်ကတော့ ဘာသံမှ မကြားသေးပါဘူး။ အတိအကျ မသိရသေးဘူးနော်၊ ဖုန်းလိုင်းတွေ ပြတ်နေတာဆိုတော့လေ ဆက်သွယ်လို့ မရဘူး” လို့ ပြောပါတယ်။

၂၀၂၃ နိုဝင်ဘာ ၇ ရက်က တမူးမြို့နယ်၊ ခါမ်းပါတ်မြို့ကို PDF ပူးပေါင်းအဖွဲ့တွေက သိမ်းယူခဲ့ပြီးနောက် ကလေး-ခါမ်းပါတ်-တမူးလမ်းမှာ ထိတွေ့တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေခဲ့တာပါ။

၂၀၂၄ မေ ၁၂ ရက်မှာ တမူးမြို့နယ်၊ မြို့သစ်မြို့ကို PDF ပူးပေါင်းအဖွဲ့တွေက ထပ်မံသိမ်းယူပြီးနောက်မှာတော့ အပြန်အလှန် အလစ်အငိုက် စောင့်နေခဲ့ကြပြီး အခု ၂၀၂၅ ဇန်နဝါရီလကုန်ပိုင်းမှာ တကြော့ပြန် ထိတွေ့မှုတွေ ပြန်ဖြစ်လာတာဖြစ်ပါတယ်။

ကလေး-ခါမ်းပါတ်-တမူးလမ်းမှာ စစ်ကောင်စီနဲ့ ဒေသတွင်းကာကွယ်ရေးအဖွဲ့တွေက သွားလာရေး လမ်းကြောင်းတွေကို အပြန်အလှန် ပိတ်ဆို့ထားခဲ့တာကြောင့် ကုန်စည်စီးဆင်းမှုအားလုံး ရပ်တန့်နေပြီး ဒေသတွင်းပြည်သူတွေဟာ စားဝတ်နေရေး ခက်ခဲနေကြပါတယ်။

 သုတချမ်းသာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013