DVB Logo
Home
မြန်မာသတင်း
ဂွ ဒေသခံ ၆၀ ရာခိုင်နှုန်းခန့် အရေပြားရောဂါဖြစ်ပွားနေ
DVB
·
January 31, 2025
ဂွ ဒေသခံ ၆၀ ရာခိုင်နှုန်းခန့် အရေပြားရောဂါဖြစ်ပွားနေ
Donate to DVB

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်မှာ အရေပြားရောဂါဖြစ်ပွားမှုနှုန်း ပိုပြီးတော့ ပြင်းထန်လာနေတယ်လို့ ဒေသခံတွေနဲ့ စစ်ရှောင်ကူညီပေးနေ သူတွေဆီက သိရပါတယ်။ 

ဂွမြို့နယ်အတွင်းမှာ အရေပြားရောဂါဖြစ်ပွားမှုနှုန်းဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကစပြီး ဖြစ်ပွားမှုတွေပြန်လည်မြင့်တက်လာတာဖြစ်ပါတယ်။ 

ဂွမြို့နယ် ကျိန္တလီတိုက်နယ်၊ ဆပ်သွားတိုက်နယ်၊ ကုလားပြင်တိုက်နယ်တွေက ဒေသခံ ၆၀ ရာခိုင်နှုန်းလောက် အရေပြားရောဂါခံစားနေကြရပြီး အသက် ၁၀ နှစ်အောက်ကလေးငယ်တွေမှာ အရေပြားရောဂါ ဆိုးဆိုးရွားရွားဖြစ်နေတာကို တွေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကစပြီး ဒေသခံတွေမှာ အရေပြားယားယံမှုတွေကို စတင်ခံစားခဲ့ရပြီးနောက် လက်ရှိမှာ ကူးစက်မှုနှုန်း ပိုများလာပြီး အသက်အရွယ်မရွေး ဖြစ်နေကြတယ်လို့ သိရပါတယ်။

သောက်သုံးရေမသန့်ရှင်းတာ၊ စစ်ဘေးရှောင်စခန်းတွေမှာ စုပြုံပြီး ပြွတ်သိပ်စွာနေထိုင်ရတာ၊ တကိုယ်ရည်သန့်ရှင်းမှု အားနည်းတာ၊ ဆေးဝါး မလုံလောက်တာတွေကြောင့် အရေပြားရောဂါ ဖြစ်ပွားမှုနှုန်းတွေ ပိုများလာတာလို့ ဆိုပါတယ်။

ဒေသတွင်းကူညီပေးသူ ကိုနိုင်အောင်လင်းက “တချို့ကျလည်း ယားယံတာလောက်ပဲ ဖြစ်တာရှိပါတယ်။ ယားယံပြီး အဖုတွေပေါက်တာပေါ့။ တချို့ကျလည်း အနာပုံမျိုးဖြစ်တာပေါ့ အနာခြောက်ပုံစံတွေပါ။ ကလေးငယ်တွေမှာကျတော့ အနာစိုလို့ ပြောရမယ် အဖုတွေက နေပြီးတော့ ပြည်တွေတည်ပြီးတော့ အရေပြားတွေပျက်စီးတာမျိုး ပြင်းပြင်းထန်ထန်ဖြစ်တာပေါ့။ တချို့ကလေးတွေဆိုရင် ခုခံအားလည်းနည်းတယ်၊ အာဟာရလည်း ကောင်းကောင်း မစားသောက်ရတော့ အရေပြားရောဂါတွေပါ ထပ်ဖြစ်တော့ ခုခံနိုင်စွမ်းမရှိဘူး အစားအသောက်လည်း ကောင်းကောင်းမစားနိုင်ဘူး။ တချို့ဆို တော်တော်လေးပြင်းထန်တယ်၊ အစားလည်း စားမဝင်တော့ဘဲ အိပ်ရာထဲမှာ လဲပြီးတော့ အားအင်ပြတ်တောက်သွားတဲ့အထိ ဆိုးပါတယ်။”

ရခိုင်မှာ တိုက်ပွဲစဖြစ်တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလကတည်းက စစ်ကောင်စီက ကုန်လမ်း ၊ ရေလမ်းတွေကို ပိတ်ဆို့ထားပြီး ဆေးဝါးသယ်ယူခွင့်တွေကို ပြင်းပြင်းထန်ထန် တားမြစ်ခဲ့တာကြောင့် ဒေသတွင်းဆေးဝါး အဆမတန်ဈေးကြီးမှု ၊ ဆေးဝါးပြတ်လပ်မှုတွေနဲ့ ကြုံတွေ့နေရတာပါ။

တဖက်မှာလည်း အာရက္ခတပ်တော် အနေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ လုပ်ဆောင် နေပေမဲ့ ဆေးဝါးမလုံလောက်တဲ့ပြသာနာကရှိနေဆဲ ဖြစ်ပါတယ်။

CDM ကလေးအထူးကုဆရာဝန်တယောက်က “စစ်ဘေးရှောင်စခန်းတွေမှာကျတော့ ရေရှားပါးတော့ ရေကိုပုံမှန်မချိုးနိုင်ဘူးဆိုတော့ အနည်းဆုံး ရေပက်ပုံမှန်တိုက်ပေးရမယ်၊ အဝတ်တွေကိုလည်း ပုံမှန်လျှော်ဖွတ်ရမယ်။ နောက်ဆုံး မလျှော်ဖွတ်နိုင်ရင်တောင် နေပူပြင်းပြင်းမှာ ပိုးသေအောင်ထုတ်လှန်းရမယ်၊ အတတ်နိုင်ဆုံး တကိုယ်ရည်သန့်ရှင်းမှုကို ရရာနည်းလမ်းနဲ့ အစွမ်းကုန်လုပ်ဆောင်နိုင်ဖို့ လိုပါတယ်။ အရေပြားရောဂါဖြစ်နေ တဲ့လူတွေအတွက် လိုအပ်တဲ့ ကုသမှုတွေရဖို့ အတတ်နိုင်ဆုံး ကြိုးစားပေးဖို့လိုပါတယ်။ လိမ်းဆေးတို့၊ သောက်ဆေးတို့၊ နောက်တခုက ကျန်းမာရေးဗဟုသုတ ရှိရပါမယ်။ ဒီရောဂါတွေက ဒါတွေကြောင့်ဖြစ်တတ်တယ်၊ ဒါ့ကြောင့် တကိုယ်ရည်သန့်ရှင်းမှုရှိရမယ်၊ တခြားသူတွေကို မကူးအောင်၊ ရောဂါမပြန့်ပွားအောင် ဘယ်လိုမျိုး သပ်သပ်ရပ်ရပ်ခွဲထားရမယ်ဆိုတဲ့ အသိပညာပေးတာတွေများများလုပ်သင့်ပါတယ်။”

အရေပြားရောဂါဖြစ်ပွားတာကနေတဆင့် တခြားဘက်တီးရီးယားပိုးတွေပါ ထပ်ဝင်ရောက်နိုင်တာ ကြောင့် စဖြစ်ပြီဆိုကတည်းက မပေါ့ဆဘဲ သေချာစနစ်တကျ ကုသမှုခံယူသင့်တယ်လို့ ဆက်ပြောပါတယ်။ 

အဲဒီလိုပဲ ရခိုင်မှာ ဂွမြို့နယ်အပြင် တခြား သံတွဲ၊ ငပလီ၊ ရမ်းဗြဲ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်နဲ့ မင်းပြားမြို့နယ်တွေက စစ်ဘေးရှောင်ပြည်သူတွေမှာ အရေပြားရောဂါဖြစ်ပွားမှုနှုန်း ဆက်လက် မြင့်တက်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

ကေခိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013